(၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂) ရက်
အနာကြီးရောဂါအကြောင်း ဘာတွေသိထားသင့်ပါသလဲ?
အနာကြီးရောဂါဆိုတာ Mycobacterium Leprae ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားတဲ့ နာတာရှည်ကူးစက် ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အဓိကအားဖြင့် အရေပြားနှင့် အာရုံကြောတွေကို ထိခိုက်ပျက်စီးစေပါတယ်။
ရောဂါကူးစက်သည်မှ ရောဂါလက္ခဏာပြသည်အထိ ပျှမ်းမျှ (၃)နှစ်မှ (၅)နှစ်အထိ ကြာတတ်ပါတယ်။
အနာကြီးရောဂါ ဘယ်လိုကူးစက်ပျံ့နှံ့ပါသလဲ?
• ဆေးကုသမှုမခံယူထားတဲ့ လူနာရဲ့အနာမှ ထွက်ရှိတဲ့အရည်များနှင့် နှာခေါင်းနှင့် ပါးစပ်တို့ကထွက်ရှိတဲ့ သလိပ်နှင့် အရည်များမှတစ်ဆင့် အခြားလူများကို အရေပြားခြင်း ထိတွေ့ရာမှ (သို့မဟုတ်) အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်ပါတယ်။
• အနာကြီးရောဂါလူနာနှင့် ကြာရှည်အတူနေထိုင်သောသူများတွင် ပိုမိုကူးစက် ဖြစ်ပွားနိုင်ပါတယ်။
• သာမန်ထိတွေ့နေထိုင်ရုံဖြင့် မကူးစက်နိုင်ပါ။ အနာကြီးရောဂါဟာ မျိုးရိုးလိုက်သောရောဂါမဟုတ်ပါ။
အနာကြီးရောဂါရဲ့ ရောဂါလက္ခဏာက ဘာတွေလဲ?
• ထုံနေသောအကွက်များ၊ အရောင်ဖျော့သော အဖြူကွက်/ အနီကွက်များနှင့် အဖုအသီးများ၊ အာရုံကြော ပျက်စီးသည့် လက္ခဏာများဖြင့် ဖြစ်ပေါ်လာတတ်ပါတယ်။
• အခြားအရေပြားရောဂါတွေနဲ့ ကွဲလွဲတဲ့အချက်ကတော့ ထိ၊ နာ၊ ပူ၊ အေး မသိဘဲ ထုံနေခြင်း၊ ချွေးမထွက်ခြင်း၊ မယားခြင်း၊ အကွက်မပေါ်ပဲ အသားအရေပွလာပြီး အဖုအသီးတွေ ထွက်လာတတ်ပါတယ်။ မျက်နှာ၊ နားရွက်တို့မှာ ထူအမ်းအမ်းဖြစ်နိုင်သလို ခြေ၊ လက်ဖမိုးဖဝါးထုံနေတာတွေ ဖြစ်တတ်ပါတယ်။
• အာရုံကြောတွေထိခိုက်မယ်ဆိုရင် ခြေ၊ လက်၊ မျက်နှာရှိ ကြွက်သားများ အားနည်းခြင်း၊ လှုပ်ရှားမရခြင်းနှင့် အာရုံကြောကြီးခြင်းများ ဖြစ်တတ်ပါတယ်။
• အနာကြီးရောဂါပျောက်ကင်းအောင်ကုသနိုင်သည့် အနာကြီးရောဂါကုဆေးပေါင်း (MDT) ကို ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဌာနတွေမှာ အခမဲ့ရရှိနိုင်ပါသည်။ စောစီးစွာဆေးကုသမှုခံယူခြင်း၊ ပုံမှန် ဆေးသောက်ခြင်းအားဖြင့် ကိုယ်အင်္ဂါချို့ယွင်းမှု၊ မသန်မစွမ်းဖြစ်မှုများကို ကာကွယ်နိုင်ပါသည်။ အခြားသူများထံသို့ ရောဂါကူးစက်နိုင်စွမ်း မရှိတော့ပါ။
အနာကြီးရောဂါဖြစ်ပွားလေ့ရှိရာဒေသမှာနေထိုင်သူတွေအနေနဲ့ အထက်ဖော်ပြပါလက္ခဏာတွေရှိ/မရှိ မိမိကိုယ်ကို မကြာခဏစစ်ဆေးသင့်ပါတယ်၊ သံသယတစ်စုံတစ်ရာရှိခဲ့ရင်နီးစပ်ရာကျန်းမာရေးဌာနသို့
အမြန်ဆုံးဆက်သွယ်၍ စောစီးစွာသွားရောက်စစ်ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။
#Ministry_of_Health_and_Sports, #MoHS, #Todays_Message, #ဒီနေ့အတွက်သိကောင်းစရာ #leprosy, #အနာကြီးရောဂါ
https://www.mohs.gov.mm/