ဆုံဆို့နာရောဂါ (Diphtheria) နှင့် ပတ်သက်ပြီး ဘာတွေသိထားရမလဲ?
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ဆုံဆို့နာရောဂါသည် (Corynebacterium diphtheriae) ဘက်တီးရီးယားရောဂါပိုး ကူးစက်ခံထားရသူ နှာချေ၊ ချောင်းဆိုးရာမှတစ်ဆင့် ထွက်လာသော ရောဂါပိုးပါဝင်သည့်အစက်အမှုန်များ (Droplets) အသက်ရှူ လမ်းကြောင်းအတွင်း တိုက်ရိုက်ဝင်ရောက်ခြင်းဖြင့် အများဆုံးကူးစက်နိုင်ပြီး ရောဂါပိုးရှိသူ၏ အနာများ (Sores or Ulcers) ကို ထိတွေ့မိရာမှတစ်ဆင့်လည်း ကူးစက်နိုင်ပါသည်။
ရောဂါလက္ခဏာများမှာ - လည်ချောင်းနာခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊ ဖျားခြင်း၊ နှာရည်ယိုခြင်း၊ လည်ပင်း အကျိတ်များ ရောင်ရမ်းခြင်း၊ အာခေါင်တွင် ဖြူပြာရောင် (သို့မဟုတ်) မီးခိုးရောင်ရှိသော အမြှေးပါး ပေါ်ပေါက် လာခြင်း၊ ၎င်းအမြှေးပါးကြောင့် အစာမမျိုနိုင်ခြင်းနှင့် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့သဖြင့် အသက်ရှူရ ခက်ခဲခြင်းဖြစ်ပွားပြီး အသက်သေဆုံး သည်အထိ ဖြစ်နိုင်ပါသည်။
ဆုံဆို့နာရောဂါသည် အရေပြားအနာများ အနေဖြင့်လည်း တွေ့ရှိရနိုင်ပါသည်။
ဆုံဆို့နာဘက်တီးရီးယားရောဂါပိုးမှ ထွက်ရှိသောအဆိပ် (Toxin) သည် နှလုံး၊ ကျောက်ကပ်နှင့် အာရုံကြောစနစ်သို့ ပျံ့နှံ့သွားပါက ရောဂါပြင်းထန်ပြီး အသက်သေဆုံး နိုင်ပါသည်။
ဆုံဆို့နာရောဂါကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ-ဘီနှင့် ဦးနှောက်အမြှေးရောင် (Hib) ရောဂါတို့ကိုကာကွယ်နိုင်သည့် "ငါးမျိုးစပ် ကာကွယ်ဆေး (Pentavalent Vaccine)" ထိုးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
ဆုံဆို့နာရောဂါလက္ခဏာများခံစားရခြင်း(သို့မဟုတ်)ဆုံဆို့နာရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးဆက်သွယ်၍ ကုသမှုခံယူပါ။ သို့မှသာ ရောဂါကြောင့် အသက်သေဆုံးမှုမှ ထိရောက်စွာ ကာကွယ်နိုင်ပါမည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆုံဆို့နာရောဂါအပါအဝင် ရောဂါငါးမျိုးကာကွယ်နိုင်သည့် ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent Vaccine) ကို ကလေးအသက် (၂) လ၊ (၄) လ နှင့် (၆) လ အရွယ်တွင် အခမဲ့ ထိုးနှံပေးနေပါသဖြင့် မိမိ၏ရင်သွေးငယ်အား မပျက်မကွက်ရယူထိုးနှံပေးပါ။
#Ministry_of_Health_and_Sports, #MoHS, #Todays_Message, #ဒီနေ့အတွက်သိကောင်းစရာ