(၂၀၂၀) ပြည့်နှစ်၊ သြဂုတ်လ (၁၀) ရက်
အိမ်တွင်းလေထုညစ်ညမ်းမှု (Indoor Air Pollution) နှင့်ပတ်သက်ပြီး ဘာတွေသိထားရမလဲ?
အိမ်တွင်းလေထုညစ်ညမ်းမှုဆိုသည်မှာ - အိမ်တွင်းလေဝင်လေထွက်စနစ် အားနည်းခြင်းကြောင့် အိမ်တွင်း ခိုအောင်းလျက်ရှိသော ကျန်းမာရေးနှင့်မညီညွတ်သည့်လေအား ရှူမိရာမှ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပွားခြင်း ဖြစ်ပါသည်။
အဓိကဖြစ်ပေါ်စေသော အကြောင်းအရင်းများမှာ ထင်း/ မီးသွေးမီးဖိုများကို အသုံးပြု၍ အစားအသောက် ချက်ပြုတ်ခြင်း၊ ဖယောင်းတိုင်/ အမွှေးတိုင်/ ခြင်ဆေးခွေများ ထွန်းခြင်း၊ အိမ်တွင်းဆေးလိပ် သောက်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များနှင့် အိမ်အနီးပတ်ဝန်းကျင်ရှိ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများမှ တိရစ္ဆာန်တို့၏ အမွှေးအမှင်များ၊ အညစ်အကြေးများ ထွက်ရှိခြင်းနှင့် အိမ်အနီးပတ်ဝန်းကျင်တွင် အမှိုက်များ မီးရှို့ခြင်းစသည်တို့ ဖြစ်ပါသည်။
လတ်တလော ခံစားရနိုင်သော ရောဂါလက္ခဏာများမှာ - ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ပျို့ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းနှင့် မျက်စိ၊ နှာခေါင်း၊ လည်ချောင်း၊ အရေပြားယားယံခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။
ရေရှည်ခံစားရခြင်းကြောင့် ဖြစ်ပေါ်နိုင်သောကျန်းမာရေးပြဿနာများမှာ - အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ (ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ရောဂါ၊ နာတာရှည်အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ)၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ အဆုတ်၊ နှာခေါင်း၊ လည်ချောင်းနှင့် အသံအိုးကင်ဆာရောဂါများ၊ ကလေးငယ်များတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးမှုအားနည်းခြင်းနှင့် ခန္ဓာကိုယ်ကြီးထွားမှုနှေးကွေးခြင်းများ ဖြစ်နိုင်ပါသည်။
အိမ်တွင်းလေထုညစ်ညမ်းမှု လျော့နည်းစေရန်နှင့် ကာကွယ်ရန် နည်းလမ်းများမှာ -
၁။ နေအိမ်အခန်းများ နှင့် မီးဖိုချောင်အား လေဝင်လေထွက်ကောင်းအောင် ထားရှိပါ။
၂။ အိမ်တွင်းတွင် ဆေးလိပ်သောက်ခြင်းနှင့် နေအိမ်ခန်းများကိုအလုံပိတ်၍ မီးစက်မောင်းခြင်း၊ ဖယောင်းတိုင်၊ အမွှေးတိုင်နှင့် ခြင်ဆေးခွေထွန်းခြင်းတို့ကို (လုံးဝ) ရှောင်ကြဉ်ပါ။
၃။ ချက်ပြုတ်ရာ၌ ထင်းနှင့် မီးသွေးအစား လျှပ်စစ်မီး (သို့မဟုတ်) LPG ဓာတ်ငွေ့လောင်စာကို အသုံးပြုပါ။ လျှပ်စစ်မီး (သို့) LPG ဓာတ်ငွေ့ မရရှိနိုင်သည့်နေရာများတွင် မီးခိုးငွေ့အထွက်နည်းစေရန် စနစ်တကျ ပြုလုပ်ထားသည့် မီးဖို အမျိုးအစားများနှင့် စနစ်တကျပြုပြင်ထားသည့် လောင်စာများကို ရွေးချယ်အသုံးပြုပါ။
၄။ အိမ်အနီးပတ်ဝန်းကျင်တွင် အမှိုက်သရိုက်များ စုပုံခြင်း၊ မီးရှို့ခြင်းများကို ရှောင်ကြဉ်ပါ။ အနံ့ဆိုးများ ထွက်ရှိသော စီးပွားရေးလုပ်ငန်းများအနေဖြင့် လူနေရပ်ကွက်နှင့် လုံလောက်သောအကွာအဝေးတွင်သာ ပတ်ဝန်းကျင် သန့်ရှင်းရေး စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ပါ။
#Ministry_of_Health_and_Sports