(၂၀၂၀) ပြည့်နှစ်၊ မေလ (၂၈) ရက်
သွေးလွန်တုပ်ကွေးရောဂါ လုံးဝမဖြစ်အောင်ကာကွယ်ဖို့ ဘာတွေလုပ်ရမှာလဲ။
နေအိမ်နှင့် ပတ်ဝန်းကျင်ရှိ ခြင်ကျားလောက်လန်းပေါက်ဖွားနိုင်တဲ့ ရေကြည်ရေသန့် သိုလှောင်ရာ နေရာတွေနဲ့ ရေတင်ကျန်ရှိနိုင်တဲ့နေရာတွေမှာ ခြင်ကျားလောက်လန်းလုံးဝမရှိဖို့လိုပါတယ်။
ခြင်ကျားလောက်လန်းမရှိပါက ခြင်ကျားပေါက်ပွားခြင်းမရှိတဲ့အတွက် သွေးလွန်တုပ်ကွေး ရောဂါလည်း လုံးဝမဖြစ်ပွားနိုင်ပါဘူး။ ဒါကြောင့် မိမိအိမ်၊ ကျောင်းနဲ့ ပတ်ဝန်းကျင်မှာ ခြင်ကျား လောက်လန်း နှိမ်နင်းရေးလုပ်ငန်းများကို တစ်ပတ်လျှင် (၁)ကြိမ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်-
o ရေစည်၊ ရေအိုးများကို စနစ်တကျ ဖုံးအုပ်ထားပါ။
o ရေလဲလှယ်နိုင်တဲ့ ရေစည်၊ ရေကန်များကို တစ်ပတ်လျှင် အနည်းဆုံး (၁)ကြိမ် ရေလဲလှယ်ပါ။ (သို့မဟုတ်) ရေစစ်ခြင်းများကို ဆောင်ရွက်ပါ။
o ရေလဲလှယ်သော်လည်း ခြင်ဥများက ရေစည်ရေအိုးများ၏နံရံများတွင် ကပ်တင်ကျန် လေ့ရှိတဲ့အတွက် အတွင်းပိုင်းနံရံများကိုပါ အထူးသတိပြု၍ သေချာစွာ တိုက်ချွတ် ဆေးကြောပါ။
o ရေတင်ကျန်နိုင်တဲ့ စွန့်ပစ်ပစ္စည်းများ၊ အမှိုက်များကို ရေမတင်စေရန် စနစ်တကျ စွန့်ပစ်ပါ။
o မလှယ်၊ မသွန်၊ မစစ်နိုင်သော ရေစည်များနှင့် ရေအိုးများကို ခြင်ကျား၊ ပိုးလောက်လန်း သေဆေး (အဘိတ်) ခတ်ရန် နီးစပ်ရာကျန်းမာရေးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပါ။
o အိမ်တွင်း/ အိမ်ပြင် ခြင်ခိုအောင်း ပေါက်ပွားနိုင်သောနေရာများကို တစ်ပတ်လျှင် (၁)ကြိမ် ဖယ်ရှားရှင်းလင်းပါ။
ဒါ့အပြင် ခြင်ကိုက်မခံရအောင်နေထိုင်ပါ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ကို ဝတ်ပေးပါ။ ကလေး၊ လူကြီးအားလုံး နေ့ခင်းဖြစ်စေ/ ညဖြစ်စေ ခြင်ထောင်ဖြင့် အိပ်ပါ။
Credit#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန