ဒီည ကြယ်မိုးရွာတာကို စောင့်ကြည့်ကြမယ်နော်

၁၃ ဒီဇင်ဘာ

ညအခါ မိုးပေါ်ကနေ တောက်ပတဲ့ အလင်းတန်းလေးအောက်ကို မြန်မြန်ကျဆင်းလာတာမျိုး ကလေးတို့ မြင်ဖူးကြသလား။ မြို့ကြီးတွေက ကလေးတွေအတွက် အထူးအဆန်းဖြစ်နေမှာပဲနော်။ မြို့ပြမှာ မီးအလင်းရောင် တွေကြောင့် မိုးပေါ်မှာ လမင်းကြီးသာနေတာတောင် သတိမထားမိကြတာ များတယ်။ ကျေးလက်ဒေသမှာ နေကြသူတွေအဖို့တော့ ကြယ်ကြွေတာမျိုးကို မကြာခဏ မြင်နိုင်တာပေါ့။ ဒီည (ဒီဇင်ဘာ ၁၃ ရက်ည)မှာတော့ ထူးထူးခြားခြားမိုးရွာသလိုမျိုး ကြယ်လေးတွေတဖြုတ်ဖြုတ် ကြွေကျလာမှာဆိုပြီး နက္ခတ်တာရာတွေကို စောင့်ကြည့်ကြတဲ့ ပညာရှင်တွေက ဆိုထားပါတယ်။

မမတို့မြေကမ္ဘာတည်ရှိရာ နေစကြဝဠာကြီးထဲမှာ နေကိုလှည့်ပတ်နေတဲ့ ဂြိုဟ်ကြီးတွေဖြစ်တဲ့ မာကျူရီဂြိုဟ် (ဗုဒ္ဓဟူးဂြိုဟ်)၊ ဗီးနပ်စ်ဂြိုဟ် (သောကြာဂြိုဟ်)၊ ကမ္ဘာဂြိုဟ်၊ မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်)၊ ဂျူပီတာဂြိုဟ် (ကြာသပတေးဂြိုဟ်)၊ စေတန်ဂြိုဟ်(စနေဂြိုဟ်)၊ ယူရေးနပ်စ်ဂြိုဟ်၊ နက်ပကျွန်းဂြိုဟ် စတဲ့ ဂြိုဟ်ကြီးရှစ်လုံးအပြင် အခြား ဂလက်ဆီအဖွဲ့အစည်းတွေကနေ လွင့်ထွက်လာတဲ့ ဥက္ကာပျံတွေ၊ ကြယ်တံခွန်တွေနဲ့ အခြားဂြိုဟ်သိမ်ဂြိုဟ်ငယ် လေးတွေကလည်း နေလုံးကြီးကို လမ်းကြောင်းကိုယ်စီနဲ့ လည်ပတ်နေကြပါတယ်။ သူတို့ဟာ အခြားသောစကြဝဠဠာ တွေဆီကကြယ်တွေ၊ ဂြိုဟ်တွေ ပေါက်ကွဲတဲ့အခါ အစိုင်အခဲ၊ အစအနလေးတွေအဖြစ် လွင့်စဉ်လာပြီး အာကာသထဲမှာ တည်ရှိနေကြတာဖြစ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် မမတို့ကမ္ဘာကြီးရဲ့ ကမ္ဘာပတ်လမ်းကြောင်းနဲ့ တိုက်ဆိုင်သွားတဲ့အခါ အချို့ အမှုန်အမွှားတွေ၊ အစိုင်အခဲတွေက ကမ္ဘာ့လေထုထဲအထ ိရောက်လာပြီး ကမ္ဘာကြီးပေါ်ကို ကျလာတတ်တာလည်းရှိပါတယ်။ ကမ္ဘာဦးအစောပိုင်းမှာ ဥက္ကာခဲတွေ ခဏခဏကျလာတဲ့အတွက် ရာသီဥတုတွေ ပြောင်းလဲပြီး ကမ္ဘာ့ရှေးကျတဲ့ သတ္တဝါကြီးတွေဖြစ်တဲ့ ဒိုင်နိုဆောကြီးတွေ မျိုးသုဉ်းပျောက်ကွယ်သွားတယ်ဆိုပြီး ပညာရှင်တွေက ပြောကြတာတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီအရာတွေဟာ ဟိုးအမြင့်ကြီးကနေ အရှိန်ပြင်းပြင်းနဲ့ ပြုတ်ကျရင်း ကမ္ဘာ့လေထုထဲက ဓာတ်ငွေ့တွေနဲ့ ထိတွေ့တဲ့အခါ ပွတ်တိုက်မှုကြောင့် လောင်ကျွမ်းပြီး တောက်ပတဲ့အလင်းရောင် ထွက်ပေါ်လာတာရှိပါတယ်။ အဲဒါကို ကြယ်ကြွေ တယ်လို့ခေါ်ကြတာပါ။ ။

အမှန်ကကြယ်မိုးရွာတယ်ဆိုတာ ကလေးတို့မြင်နေရတဲ့ မိုးပေါ်ကကြယ်ကလေးတွေ ကြွေကျလာတာတော့ မဟုတ်ပါဘူးကွယ်။ အာကာသကြီးထဲမှာ မမတို့ကမ္ဘာကြီးလိုပဲ ရှိနေတဲ့ ဂြိုဟ်ကြီးတွေ၊ ဥက္ကာပျံတွေက ပျက်စီးသွားပြီးတော့ အစိတ်စိတ်အမြွှာမြွှာကွဲနေတာကို မမတို့ကမ္ဘာကြီးက သူ့ရဲ့ ပတ်လမ်းကြောင်းအတိုင်း လည်ပတ်ရင်း ဖြတ်သန်းသွားရင်းနဲ့ တွေ့ရတာမျိုးပါ။ ကြယ်မိုးရွာတာကို တွေ့ရဖို့ အတွက်ကတော့ ကလေးတို့ရောက်ရှိနေတဲ့နေရာဟာ မီးအလင်းရောင်တွေ တအားထွန်းထားတဲ့နေရာ မဖြစ်ရပါဘူး။ ရာသီဥတုကလည်း သာယာနေဖို့လိုသလို

ကောင်းကင်ပြင်ကြီးကို ကျယ်ကျယ်ပြန့်ပြန့် မြင်နိုင်ဖို့နဲ့ လျှပ်စစ်မီးရောင်တွေရဲ့ အနှောင့်အယှက်ကင်းဖို့လည်း လိုတာပေါ့။ အချိန်ကလည်း ညပိုင်းဆိုတော့ အပြင်ထွက် ပြီးစောင့်ကြည့်ကြဖို့လည်း လိုမှာပေါ့နော်။ ဒီညမှာမြင်ရမယ့် ကြယ်မိုးရွာတဲ့ဖြစ်စဉ်က ၃၂၀၀ ဖယ်သုန် (3200 Paethon) လို့ခေါ်တဲ့ ကြယ်တံခွန် ဒါမှမဟုတ် ဂြိုဟ်သိမ်တစ်ခုလည်း ဖြစ်နိုင်တဲ့အရာကနေ ပေါက်ကွဲပျက်စီးပြီး ကျန်နေတဲ့ အမှုန်အမွှားဖြစ်တဲ့ ဂျန်မန်နစ် ဥက္ကာပျံရဲ့ အမှုန်အမွှား၊ အပိုင်းအစတွေကို မြင်ရမှာပဲဖြစ်ပါတယ်။ သူကလည်း မမတို့ကမ္ဘာကြီးလိုပဲနေမင်းကြီးကို လှည့်ပတ်နေတာပေါ့။ ၃၂၀၀ ဖယ်သုန်ကနေ ပေါက်ကွဲထွက်လာတဲ့ ဂျန်မန်နစ် ဥက္ကာပျံကြီးကို မမတို့ မြန်မာလိုဆိုရင် မေထုန်ရာသီကြယ်မိုး (Geminid Meteor Shower) လို့လည်း ခေါ်ပါတယ်။ သူက တစ်နာရီကို မိုင်ပေါင်း ၇၈၀၀၀ လောက် မြန်မြန်ရွေ့လျားနေတာပါ။ သူရဲ့ လျင်မြန်နှုန်းက မမတို့ ကမ္ဘာကြီးပေါ်က အမြန်ဆုံးကားတစ်စီးထက်ကို အဆ ၂၅၀ လောက် ပိုပြီးမြန်မြန်သွားနေတာပေါ့။ ကြယ်မိုးရွာတဲ့အခါ ခုနက မမပြောတဲ့ ဥက္ကာပျံကြီးရဲ့ အမှုန်အမွှားတွေက အရွယ်အစားအမျိုးမျိုး ရှိနေမှာအမှန်ပါပဲ။ ကလေးတို့က ကြယ်မိုးရွာတာကို စောင့်ကြည့်မယ်ဆိုရင် ကောင်းကင် ပေါ်မှာတောက်ပတဲ့ အဖြူရောင်၊ အဝါရောင်၊ အစိမ်းရောင်နဲ့ အနီရောင်၊ အပြာရောင်ရှိတဲ့ ကြယ်မိုးစက်ကလေးတွေကို  မြင်ရမှာသေချာပါတယ်။ မမတို့နိုင်ငံကနေလည်း ကြယ်မိုးရွာတဲ့ဖြစ်စဉ်ကို ကောင်းကောင်း လေ့လာကြည့်မြင်နိုင်တယ်လို့ နက္ခတ်ပညာရှင်တွေက ဆိုကြပါတယ်။ နက္ခတ်တာရာတွေကို ဝါသနာပါသူတွေ တော်တော်များများလည်း စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။ ကလေးတို့လည်း ဒီဇင်ဘာ ၁၃ရက်နေ့ (ဒီနေ့) ည ၁၀ နာရီလောက်ကနေ၊ နောက်နေ့ (ဒီဇင်ဘာ ၁၄ ရက်) နံနက်စောစောအထိ စောင့်ကြည့်လို့ရပါတယ်။ တစ်နာရီကို ကြယ်မိုးပွင့်လေးတွေ (၁၀၀ ကနေ ၁၂၀ လောက်အထိကို မြင်တွေ့နိုင်ပါတယ်။ ဒီရက်တွေဟာ တန်ဆောင်မုန်းလဆုတ်ရက် ဖြစ်တာကြောင့် လည်း လမင်းရဲ့အလင်းရောင်သိပ်မရှိနိုင်တာမို့ ကြယ်မိုးတွေကို ထင်ထင်ရှားရှားမြင်ရနိုင်တယ်လို့ သိရပါ တယ်။ ဒါကြောင့် ညကျရင် အရှေ့ဘက်ကောင်းကင်ပေါ်ကို မော့ကြည့်ရင်း ကြယ်မိုးရွာတဲ့ဖြစ်စဉ်ကို အတူတူကြည့် ကြမယ်နော်။ မမတို့ငယ်ငယ်က ကြယ်လေးတွေ ကြွေကျလာတဲ့အခါ ဆုတစ်ဆုတောင်းပြီး အဲဒီဆုကို မိုးပေါ်က နတ်သမီးလေးတွေက သိကြတဲ့အခါ ဖြည့်ဆည်းပေးကြမယ် ဆိုပြီး လူကြီးတွေက ပြောပြဖူးပါတယ်။ ယုံတမ်းစကား ဆိုပေမယ့်ကလေးဘဝမှာတော့ ကြယ်ကြွေတာကိုမြင်တိုင်း ဆုတောင်းကြတာက သိပ်ကိုပျော်စရာကောင်းပါတယ်။ မမကတော့ ဒီညမှာ မမ ကြယ်မိုးလေးတစ်ပွင့်ကြွေတိုင်း ဆုတစ်ခုတောင်းမယ်လို့ စိတ်ကူးထားတယ်။ ကလေးတို့ရော ကြယ်မိုးရွာတဲ့အခါ ဘာဆုတွေတောင်းမလဲဆိုတာ စဉ်းစားထားကြပါဦးနော်။

ကေ - ဂျူဝယ်လ်