ဒီပဲယင်း ၅ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ချက်အရ ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအောင်သန်းဦး၊ ရေဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြင့်နိုင်နှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာနှင့် တည်တောကျေးရွာရှိ လမ်းကြား မြောင်းများတစ်လျှောက် တရားမဝင် ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီးမှုများ မရှိစေရေး ကွင်းဆင်းစစ်ဆေးရာ တရားမဝင်ငါးဖမ်းရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရန် ခရိုင်ဦးစီးဌာနမှူးမှ လမ်းညွှန်မှုပြုခဲ့သည်။ 

ထို့နောက် ခရိုင်ဦးစီးဌာနမှူး၊ မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများသည် ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာအုပ်စုရှိ ဒေသအခေါ် (မြောက်အင်း) သို့ သွားရောက်၍ အဆိုပါနေရာအား ရေချိုငါးလုပ်ငန်း ရေပြင်အဖြစ် သတ်မှတ်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး နေ့လယ်ပိုင်းတွင် ရေဦးငါးလုပ်ငန်းစခန်းသို့ ရောက်ရှိကာ မြို့နယ်ရုံးနှင့် စခန်းရှိဝန်ထမ်းများနှင့် တွေ့ဆုံ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေးခြင်း၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံဆော်မှုကို တားဆီးခြင်းနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ရေဦးငါးလုပ်ငန်းစခန်းအနေဖြင့် ရုံးအင်္ဂါရပ်နှင့် ညီညွတ်စေရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးကာ ရေဦးငါးလုပ်ငန်း စခန်းတာဝန်ခံ ဦးပေါလွင်မှ မျိုးငါးကြီးများ ပြုစုထားရှိမှုအခြေအနေ၊ ရေရရှိမှုအခြေအနေနှင့် ငါးသားပေါက် ထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေအား ရှင်းလင်းတင်ပြကာ ခရိုင်ဦးစီးဌာနမှူးမှ စခန်းသန့်ရှင်း သာယာလှပစေရန်နှင့် မျိုးငါးကြီးများ ရာသီနှင့်အညီ သားဖောက်နိုင်ရေးအတွက် ပြုစုထားရှိကြရန် မှာကြားခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

MDN