ဒီပဲယင်း  ၁၁  ဧပြီ

 

ဒီပဲယင်းမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား စားသောက်ကုန်ငါးမျိုး ထောက်ပံ့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ တွင် ဒီပဲယင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ  ဦးနိုင်လင်းထက်တို့က ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲတစ်ပိဿာနှင့် ကြက်သွန်တစ်ပိဿာ စုစုပေါင်းထောက်ပံ့ကူညီမှု ငါးမျိုးနှင့် ပတ်သက်၍ ညှိနှိုင်းအကြံပြု စကားများပြောကြားသည်။ 

 

အဆိုပါ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်၊ အမှတ်(၁) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုး၊ မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  ဦးနိုင်လင်းထက်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်ကြီးများ၊  လုပ်ငန်းရှင်များနှင့် မြို့မိ မြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

မွှေးကြူဇင်