ဒီပဲယင်း စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါးစိုက်ဧက ၁၂၇၀၀၀ စိုက်ပျိုးရန်လျာထားခဲ့ရာ စိုက်ပျိုးပြီးကွင်းပိတ်ချိန်တွင် ၁၂၇၀၀၃ ဧကစိုက်ပျိုးပြီးဖြစ်၍ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအေးမင်းထွန်းထံမှ သိရသည်။
ဒီပဲယင်းမြို့နယ်အနေဖြင့် မိုးစပါးစိုက်ပျိုးရေကို သဖန်းဆိပ်ဆည်ရေသောက် ကင်းတပ်လက်ယာတူးမြောင်း RMC မှ ၁၆၅၀၀ ဧက၊ ကာဘိုးရေလွဲဆည် ရေဦးမြောင်းမတော် YMC မှ ၈၀၁၀၃ ဧကနှင့် မိုးကောင်းသောက် ၃၀၄၀၀ ဧက ရေသောက်များတွင် စိုက်ပျိုးခဲ့သည်။
စပါးမျိုးများမှာ ရွှေသွယ်ရင် ၁၉၂၅၅ ဧက ၊ ဧရာမင်း ၂၈၆၂၉ ဧက ၊ ရွှေဘိုပေါ်ဆန်း ၇၉၁၁၉ ဧက စုစုပေါင်း ၁၂၇၀၀၃ ဧကစိုက်ပျိုးနိုင်ခဲ့ရာ အရည်အသွေးကောင်းပြီး စျေးကွက်ကောင်းရရှိသည့် ရွှေဘိုပေါ်ဆန်း စပါးမျိုးကို ယခင်နှစ်ထက် ၁၆၉၆၆ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
မိုးစပါးများ တစ်ဧကထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပျိုးပညာပေး ကွင်းဆင်းဝန်ထမ်းများက ကျေးရွာများအရောက် တောင်သူများနှင့် တွေ့ဆုံကာ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ် ၁၄ ချက်နှင့်အညီ စိုက်ပျိုးဆောင်ရွက်ရန် ပညာပေးခြင်း၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာကို အချိုးကျတွဲဘက်အသုံးပြု တတ်စေရန်ပညာပေးခြင်း၊ EM ဘိုကာရှီ၊ စူပါဘိုကာရှီ သဘာဝမြေဆွေးပုံများကို လက်တွေ့ပြုလုပ်၍ အသုံးပြုစေခြင်းနှင့် သဘာဝပိုးသတ်ဆေးများ ပိုမိုအသုံးပြု ဆောင်ရွက်လာနိုင်စေရေးတို့အတွက် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


