ဒီပဲယင်း  ၁၀  ဇွန် 


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် တိရိစ္ဆာန်ကျန်းမာရေးအကူလုပ်သား(CHAW) များနှင့် ပူးပေါင်းပြီး ကျွဲ၊ နွားများတွင် ဖြစ်ပွားလေ့ရှိသော ခွာနာ၊လျှာနာ ရောဂါများ၏ ကာကွယ်ဆေးများကိုလိုက်လံပြီး အခမဲ့ထိုးနှံပေးလျက် ရှိကြောင်း ဒီပဲယင်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ဥမ္မာအေး၏ ပြောကြားချက်အရ သိရသည်။

 

1

 


“ခွာနာလျှာနာရောဂါ ကာကွယ်ဆေး အခမဲ့လိုက်ပြီး ထိုးနှံပေးတဲ့ ကျေးရွာတွေက လယ်ယာလုပ်ငန်းတွေမှာ ကျွဲ၊ နွားတွေကို အများဆုံး အသုံးပြုကြတဲ့ ကျေးရွာတွေဖြစ်တယ်၊ တစ်ချို့လည်း မွေးမြူကြတယ်၊ အဲဒီကျွဲ၊ နွားတွေမှာ ရောဂါဖြစ်ပွားမှု မရှိစေဖို့ အတွက်ကို လိုက်လံထိုးနှံပေးတာပါ၊ ကာကွယ်ဆေးထိုးလုပ်ငန်းဖြစ်မြောက်ဖို့ အတွက်ကတော့ နယူးဇီလန်နိုင်ငံရဲ့ အထောက်အပံ့နဲ့ လုပ်ဆောင်ပေးတာဖြစ်ပါတယ်” ဟု ဒီပဲယင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ဥမ္မာအေးက ပြောသည်။


ဒီပဲယင်းမြို့နယ် အတွင်းရှိ သရက်ကောင်း၊ ရွှေဒါးကန်၊ ခြုံရွာ၊ ရှမ်းတော၊မင်းဆွေနှစ်၊ တနယ်ကြီးကုန်း၊ အိမ်ရာ၊ ဝပါနှင့် ကျခတ်ကျေးရွာတို့တွင် ဇွန်လ (၉)ရက်နေ့အထိ ကျွဲ၊ နွားကောင်ရေ (၁၉၅၄) ကောင်အား ထိုးနှံပြီးစီးခဲ့ကြောင်း ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအား ဇွန်လ(၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျေးရွာပေါင်း(၂၆)ရွာရှိ ကျွဲ၊ နွားများအား လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)