ဒီပဲယင်း စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်တွင် EM ဘိုကာရှီ မြေဩဇာနှင့် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲရေး တောင်သူများအား နည်းပညာလက်တွေ့သရုပ်ပြခြင်းကို စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုနှစ် စိုက်ပျိုးရာသီတွင် ဓာတ်မြေသြဇာများ၊ ဓာတုပိုးသတ်ဆေးများ ဈေးနှုန်းကြီးမြင့်၍ တောင်သူများ အပြည့်အဝ မသုံးစွဲနိုင်ခြင်းကြောင့် အထွက်နှုန်း ကျဆင်းမှုမရှိရေး၊ စိုက်ပျိုးရေးထုတ်ကုန်များ အရှုံးပေါ်မှု မရှိစေရေးနှင့် လယ်ယာ ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်စေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေသည့် EM ဘိုကာရှီ မြေဩဇာ တစ်ဧကစာအတွက် စပါးခွံ နှစ်တောင်း၊ ဖွဲနု နှစ်တောင်း၊ နွားချေးမြေဆွေး လေးတောင်း၊ ပဲဖတ် တစ်ပိဿာ၊ EM အပြင်း ၁၅၀ စီစီ၊ တင်လဲရည် ၁၅၀ စီစီ၊ ရေ ၁၈ လီတာတို့ ပါဝင်ရမည်ဖြစ်သည်။ ဆက်လက်ပြီး EM (5) ဖျော်ရည်ပြု လုပ်ရာတွင်လည်း EM အပြင်း တစ်လီတာ၊ အရက်ပြင်း တစ်လီတာ၊ ရှာလကာရည် တစ်လီတာ၊ တင်လဲရည် တစ်လီတာ၊ ရေ ခြောက်လီတာတို့ဖြင့် EM(5)ဖျော်ရည် (ပိုးပြေးဆေး) ပြုလုပ်ရကြောင်း စိုက်ပျိုးပညာပေး ကွင်းဝန်ထမ်းများက အကျိုးဆောင်တောင်သူများအား နည်းပညာ လက်တွေ့ပြုလုပ် ပြသပေးခဲ့သည်။
နည်းပညာ လက်တွေ့သရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးဌာနမှူး ဦးအေးမင်းထွန်း၊ စိုက်ပျိုးပညာပေးကွင်း ဝန်ထမ်းများနှင့် အကျိုးဆောင်တောင်သူ ၂၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)