နေပြည်တော် ဒီဇင်ဘာ ၂၃

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊  အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် ရန်ကုန်တို့တွင် မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဒီပလိုမာ စာရင်းကိုင် (ဒုတိယပိုင်း) သင်တန်းအမှတ်စဉ် (၄၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့်  ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက ယနေ့သင်တန်းဆင်းမည့် သင်တန်းသားများကို စာရင်းနယ်ပယ်ကဏ္ဍတွင် အားထားရမည့် စာရင်းကျွမ်းကျင်သူများဖြစ်စေရန် လေ့ကျင့်သင်ကြားပေးခဲ့ပါကြောင်း၊  ကျွမ်းကျင် လူ့စွမ်းအားအရင်းအမြစ်များ တိုးပွားလာမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများသည် နိုင်ငံတော်နှင့် မိမိလုပ်ငန်း/ ဌာန အဖွဲ့အစည်းများအတွက် ခွန်အားသစ်များ ဖြည့်ဆည်းပေးမည့် မျိုးဆက်သစ်လူငယ်များဖြစ်သဖြင့် လုပ်ငန်းနယ်ပယ်အသီးသီးတွင် ကျင့်ဝတ်သိက္ခာများ စောင့်ထိန်းလိုက်နာပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း၊  သင်တန်းတွင်သင်ကြားပေးခဲ့သည့် ဘာသာရပ်များသည်လည်း သင်တန်းသားများ သိသင့်သိထိုက်သည်များကို ခြုံငုံမိအောင် သင်ကြားပေးခဲ့ခြင်းဖြစ်သဖြင့် လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည်အသုံးချစေလိုကြောင် တိုက်တွန်းပြောကြားသည်။

ထို့နောက်သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ သင်တန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းမှ သင်တန်းသား (၄၀) ၊ ရန်ကုန်သင်တန်းကျောင်းမှ သင်တန်းသား (၂၄) ဦး စုစုပေါင်းသင်တန်းသား (၆၄) ဦး တက်ရောက်သည်။

သင်တန်းဆင်းပွဲသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦးနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံစာရင်း ကောင်စီရုံးမှ တာဝန်ရှိသူများ၊ ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ သင်တန်း ကထိကများ၊ သင်တန်းသားများက  Online ဖြင့်တက်ရောက်ကြသည်။

သတင်းစဉ်