နေပြည်တော် ဖေဖော်ဝါရီ ၉
မြန်မာနိုင်ငံ စာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ဒီပလိုမာ စာရင်းကိုင်(ပထမပိုင်း) အွန်လိုင်း သင်တန်းအမှတ်စဉ်-၄၅ သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်း ကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး က ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တိကျမှန်ကန်သည့် စာရင်းဆိုင်ရာ အချက်အလက်များ ပြုစုရေးသွင်းသူ စာရင်းကျွမ်းကျင် သူများသည် အရေးပါသည့်အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ စာရင်းကောင်စီသည် နိုင်ငံတော်အတွက် လိုအပ်သော နိုင်ငံပိုင်ကဏ္ဍတွင် စာရင်းကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များကို လုံလောက်စွာ မွေးထုတ်ပေးနိုင်ရန် အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာ ဒေသမှပင် ပညာလေ့လာသင်ယူခွင့်ရရှိစေရန် ယခုသင်တန်းကို အွန်လိုင်းဖြင့် ပထမအကြိမ် တိုးချဲ့ဖွင့်လှစ်ပေး ခြင်းဖြစ်ပါကြောင်း။
ဒီပလိုမာ စာရင်းကိုင်သင်တန်းသည် စာရင်းပညာဆိုင်ရာ အခြေခံကောင်းများ ရရှိစေမည်သာမက စာရင်းပညာရှင်အဖြစ် ဆက်လက် လျှောက်လှမ်းနိုင်မည့် လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (Certified Public Accountant-CPA) သင်တန်း၏ ဝင်ပေါက်တစ်ခုလည်း ဖြစ်ပြီး ASEAN CPA သို့ ဆက်လက် တက်လှမ်းနိုင်ပါကြောင်း၊ သို့ပါ၍ သင်တန်းသားများ အနေဖြင့် သင်ကြား ပို့ချပေးမှုများကို လက်တွေ့ဘဝ အသက်မွေးမှုတွင် ပြန်လည်အသုံးချနိုင်သည်အထိ နားလည်တတ်မြောက်စေရေး အလေးအနက်ထား လေ့လာ သင်ယူကြရန်၊ သိရှိထားသည့် အသိပညာ ဗဟုသုတများသာမက ပြောင်းလဲတိုးတက်နေသည့် စာရင်းပညာရပ်များကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာခြင်းဖြင့် မိမိ တို့ဌာန၏ စာရင်းလုပ်ငန်းများကို ပိုမိုကောင်းမွန်ထိရောက်စွာ ထမ်းဆောင်နိုင်သည့် စာရင်း ကျွမ်းကျင်သူများ ဖြစ်စေရေးအတွက် ကြိုးစားကြရန်တိုက်တွန်း ပြောကြားသည်။
ထို့နောက် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်) သင်တန်းကျောင်း တာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား ၄၅ ဦးနှင့် ဝန်ကြီး ဌာန/အဖွဲ့အစည်း ၂၅ ခုမှ သင်တန်းသား ၄၅၉ ဦး စုစုပေါင်း သင်တန်း သား ၅၀၄ ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကို ဇန်နဝါရီ ၁၉ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ခုနစ်လခွဲကြာ ဖွင့်လှစ်သင်ကြားသွား မည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်း စစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်


