ဒီရေတော ထိန်းသိမ်းကာကွယ်ရေး

၂၁ ဖေဖော်ဝါရီ

 

ဒီရေတောတို့သည် သဘာဝပတ်ဝန်းကျင်အတွက် အထူးအထောက်အကူ ပြုပါသည်။ ဤဒီရေတောတို့မှ လူသားတို့အတွက် များစွာသော အထောက်အပံ့တို့ကို ဖန်တီးပေးပါသည်။ ဒီရေတောတို့က လူသားတို့အတွက် ဖန်တီးပေးလိုက်သော အထောက်အပံ့တို့သည် ငွေကြေးပမာဏအရ ပြောရမည်ဆိုပါက နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၈၆ သန်းခန့်ပင် ရှိသည်ဟု ပညာရှင်တို့က တွက်ချက်ပြကြပါသည်။

 

ဒီရေတောတို့သည် မျိုးစုံသော ငါး၊ ကဏန်း၊ ပုစွန်နှင့်ခရုတို့ ပေါက်ဖွားရာ နေရာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဒီရေတောတို့သည် ကမ်းရိုးတန်း တစ်လျှောက်ရှိ လူသားတို့အတွက် စားနပ်ရိက္ခာ ဖန်တီးပေးရာ ရင်းမြစ်တစ်ခု ဖြစ်ပါသည်။ လေ့လာမှုတစ်ခုအရ ဒီရေတောတို့အနီးရှိ ကျောက်တန်းတို့၌ ငါး၊ ပုစွန်ပေါက်ပွားမှုသည် ဒီရေတောမရှိသော နေရာတို့ထက် အဆပေါင်း (၂၅ ) ဆများသည်ဟု သိရှိရပါသည်။ ဒီရေတောတို့သည် အင်းဆက်တို့၏ ဒဏ်ကို တွန်းလှန်နိ်ုင်သည်ဖြစ်၍ ကမ်းရိုးတန်းဒေသရှိ ပြည်သူတို့သည် ဒီရေတောတို့ကို ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းနှင့် ထင်းအဖြစ် အသုံးပြုကြပါသည်။ ဒီရေတော၏ အရွက်တို့ကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြပါသည်။ ဒီရေတောတို့သည် ကျရောက်လာမည့် မုန်တိုင်းတို့၏ အန္တရာယ်ကိုလည်း လျော့ပါးစေပါသည်။ ဤအချက်တို့ကို ကြည့်ရုံမျှဖြင့် ဒီရေတောတို့၏ တန်ဖိုးကို သိနိုင်မည် ဖြစ်ပါသည်။

 

ယခုအခါ ရခိုင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့ရှိ ဒီရေတောများ ပြန်လည်ထူထောင်နိုင်ရန်အတွက် စီမံကိန်းတစ်ရပ်ကို ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းသည် ငါးနှစ် စီမံကိန်းဖြစ်ပြီး၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ပို၍ ပြည့်ပြည့်စုံစုံ တင်ပြရမည်ဆိုပါက ဤစီမံကိန်းသည် မြန်မာနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိသော ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ သတ္တမမြောက် ဒီရေတော ဧရိယာ အထူထပ်၊ အကျယ်ပြန့်ဆုံး နိုင်ငံဖြစ်၍ ဒိန်းမတ်နိုင်ငံက ဤစီမံကိန်းအတွက် အလေးထား ကူညီဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ဒိန်းမတ်နိုင်ငံက ဤကဲ့သို့ အလေးထား ကူညီဆောင်ရွက်နေခြင်း၏ အခြေခံအကြောင်းရင်း တစ်ရပ်သည် မြန်မာနိုင်ငံ၏ ဒီရေတောများ ပျက်စီးဆုံးရှုံးလာသောကြောင့် ဖြစ်ပါသည်။

 

တိုင်းပြည်၏ ပြောင်းလဲလာသော အနေအထားတို့အရ မြို့ပြများ ချဲ့ထွင်ခြင်း အပါအဝင် မြေအသုံးချမှု ပုံစံပြောင်းလဲခြင်းနှင့် ထင်းမီးသွေးတို့ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းကြောင့် မြန်မာနိုင်ငံ၏ ဒီရေတောတို့ ပျက်စီးဆုံးရှုံးလာခြင်း ဖြစ်ပါသည်။ ဤစီမံကိန်း လုပ်ငန်းများ၌ ဒီရေတောများ ပြန်လည်စိုက်ပျိုးခြင်းအပြင် ဒီရေတောများအား ကာကွယ်ပေးမည့် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများကိုလည်း ဖန်တီးသွားမည် ဖြစ်ပါသည်။ ထိုမျှမက ဒေသခံ ပြည်သူများကိုယ်တိုင် စုစည်းလုပ်ကိုင်သည့် ပြည်သူအစုအဖွဲ့ပိုင် သစ်တောများ ထူထောင်ခြင်းနှင့် ထင်းအသုံးနည်းစေမည့် စွမ်းအားမြင့် မီးဖိုထုတ်လုပ် ဖြန့်ဖြူးခြင်းကဲ့သို့သော ဘက်စုံ လုပ်ငန်းများကိုပါ ယှဉ်တွဲဖော်ဆောင်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဤစီမံကိန်း အောင်မြင်ရေးအတွက် ပူးတွဲ ဆောင်ရွက်လျက်ရှိသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ဒိန်းမတ်နိုင်ငံတို့အား ဂုဏ်ပြုပါကြောင်းလေးစားစွာ တင်ပြအပ်ပါသည်။   

 

(မြန်မာ့အလင်း)