ဒီရေတောဂေဟစနစ်

နေပြည်တော် ၁၅ စက်တင်ဘာ 

 

 

ဒီရေတောတို့သည် ပင်လယ်ကမ်းရိုးတန်းရှိသော နိုင်ငံတို့အတွက် သဘာဝက ပေးအပ်ထားသည့် ရတနာတစ်ပါး ဖြစ်ပါသည်။ ဒီရေတောတို့သည်သစ်ပင်မျိုးစုံနှင့် တိရ္ဆာန်မျိုးစုံတို့ ပေါက်ပွားရာနေရာ ဖြစ်ပါသည်။ ငှက်အတော်များများသည် ဒီရေတော၌ အိပ်တန်းတက်သကဲ့သို့ အသိုက်များလည်း တည်ဆောက်ကြပါသည်။ ငါး၊ လိပ်နှင့် မျောက်မျိုးကွဲတချို့သည်လည်း ဒီရေတော၌ ကျက်စားကြပါသည်။ ဒီရေတောတို့သည် ငါး၊ ပုစွန်နှင့်ကဏန်းတို့အတွက် အစားအစာရရှိရာ ရင်းမြစ်ဒေသ ဖြစ်ပါသည်။ဒီရေတောတစ်ဟက်တာသည် တစ်နှစ်လျှင် ကာဗွန် (၁၇) မက်ထရစ်တန်ကို စုပ်ယူထိန်းသိမ်းထားနိုင်သည်ဖြစ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် များစွာအသုံးဝင်သော သစ်တောမျိုး ဖြစ်ပါသည်။ တစ်ဖန် ဒီရေတောတို့က မြစ်ချောင်းတို့မှ သယ်ဆောင်လာသော နုန်းတို့ကို ဖမ်းယူထိန်းသိမ်းထားနိုင်ခြင်းသည်လည်း ကမ်းရိုးတန်းကုန်းတွင်းနယ်မြေတို့ကို ကျယ်ပြန့်စေပါသည်။ ပုံမှန်အားဖြင့် သစ်ပင်တို့သည် မြေကြီးကိုအမှီပြု၍ ပေါက်ပွားရှင်သန်ကြရပါသည်။ သို့သော် ဒီရေတောတို့ကမူကုန်းမြေတို့ကို ပွားများ ကျယ်ပြန့်စေပါသည်။

 

 

ဤမျှအသုံးဝင်သော ဒီရေတောဂေဟာစနစ်ကို ပြန်လည်ထိန်းသိမ်းပျိုးထောင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပျိုးပင် ၁၀ သိန်းစိုက်ပျိုးသွားမည် ဖြစ်ပါသည်။ ထိုကဲ့သို့ စိုက်ပျိုးသွားမည့်စီမံကိန်းအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီမှုရယူလျက် Worldview Intornational Foundation နှင့် လက်တွဲအကောင်အထည်ဖော်သွားမည်ဖြစ်ပါသည်။ ပင်လယ်ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒီရေတောများ ထိန်းသိမ်းစိုက်ပျိုးခြင်းစီမံကိန်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကာလအတွင်း ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းမှ ကော့မှူးမြို့နယ်၊သန်လျင်မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ခရမ်းမြို့နယ်များတွင် ဒီရေတောများကို ထိန်းသိမ်းစိုက်ပျိုးသွားမည် ဖြစ်ပါသည်။

 

 

နာဂစ်မုန်တိုင်းကာလအတွင်း ဒီရေတောတို့က လက်ခုပ်ကုန်းကျေးရွာအား မုန်တိုင်း၏ပျက်စီးမှုဒဏ်မှ ကာကွယ်ပေးခဲ့ပုံသည် ဒီရေတောတို့၏အကျိုးများပုံကို ရှင်းလင်းစွာ ဖော်ပြနေပါသည်။၂၀ဝ၄ ခုနှစ် ဆူနာမီအပေါ် အကြောင်းပြု၍ ဖြစ်ပေါ်လာသော ရေကြောင်းပြောင်းလဲမှုကြောင့်လက်ခုပ်ကုန်းကျေးရွာဝန်းကျင်တွင် နုန်းများစုစည်းလာပြီး ဒီရေတောများ ပေါက်ပွားရှင်သန်လာပါသည်။ ၂၀ဝ၄ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်အတွင်း လက်ခုပ်ကုန်းကျေးရွာဝန်းကျင်၌ ကျယ်ပြန့်သည့် ဒီရေတောတို့ ဖြစ်ထွန်းတည်ရှိလာခဲ့ပါသည်။ အဆိုပါဒီရေတောတို့က လက်ခုပ်ကုန်းကျေးရွာအားနာဂစ်မုန်တိုင်းဒဏ်မှ ကာကွယ်ပေးခဲ့ပါသည်။ နိဂုံးချုပ်အားဖြင့် ပြည်သူလူထုနှင့် နိုင်ငံတော်၏အကျိုးစီးပွားကို ဖော်ဆောင်ပေးမည့် ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းစဉ်တို့အား လေးနက်စွာကြိုဆိုပါကြောင်းတင်ပြအပ်ပါသည်။ ။