ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို မန်ယူအသင်း ခေါ်ယူ  မာလာစီယာပြီးနောက် နည်းပြသစ် တန်ဟတ်၏ ဒုတိယမြောက် ခေါ်ယူမှုဖြစ်လာ 

ဇူလိုင် ၁၇

မန်ယူအသင်းသည် ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူ လိုက်ပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အိုင်းယက်စ်၊ စပါး၊ အင်တာမီလန်နှင့် ဘရန့်ဖို့ဒ် အသင်း ကစားသမားဟောင်း အဲရစ်ဆင်သည် မန်ယူအသင်းနှင့် သုံးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ 

၎င်းသည် ဘရန့်ဖို့ဒ်အသင်းနှင့် ကာလတိုစာချုပ်ချုပ်ဆိုထားမှု ဇွန်လတွင် အဆုံး သတ်ခဲ့ပြီးနောက် ယခုလ အစောပိုင်းတွင် မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။ 

အဲရစ်ဆင်သည် အိုးထရက်ဖို့ဒ်သို့ ဖီယင်နုအသင်းမှ နယ်သာလန် ဗဟိုခံစစ်ကစားသမား မာလာစီယာ ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် နည်းပြသစ်တန်ဟတ်၏ ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာ ခဲ့သည်။ အဲရစ်ဆင်သည် ICD ဟု အမည်ရသည့် နှလုံးခုန်ထိန်းစက် တပ်ဆင်ထားသည့်အတွက် အီတလီ စီးရီးအေတွင် ထိုကဲ့သို့တပ်ဆင်ထားသော ကစားသမားများကို ဘောလုံးကစားခွင့် ပိတ်ပင်ထားသောကြောင့် အင်တာမီလန်အသင်းက ထွက်ခွာခွင့်ပြုခဲ့ကာ ဘရန့် ဖို့ဒ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။