၁၇ ဒီဇင်ဘာ
ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ်က နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုများနေတဲ့အတွက် ရှော့ပင်းမောတွေနဲ့ ဆိုင်တွေအား ဒီဇင်ဘာ၂၅ ရက် ကနေ ဇန်နဝါရီ ၃ ရက်အထိ ပိတ်ထားရန် ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
ဒါပေမယ့် အစားအသောက် ရောင်းဆိုင်တွေနဲ့ ဆေးဆိုင်တွေကိုတော့ ဖွင့်ခွင့်ရှိကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ရှော့ပင်းစင်တာတွေဟာ ကြာသပတေးနေ့ကစပြီး ပိတ်ရန်၊ တခြားသော လုပ်ငန်းတွေဟာ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ပိတ်ရန်နဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး အရေးမကြီးတဲ့ ပစ္စည်း အရောင်းဆိုင်တွေအား ပိတ်ရန် ညွှန်ကြားထားကြောင်း သိရပါတယ်။
ဒီသီတင်းပတ် အစောပိုင်းကစပြီး ကျောင်းတွေအား ပိတ်ထားလိုက်သလို ဘားတွေ၊ စားသောက်ဆိုင်တွေ၊ အားကစားခန်းမတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံတွေအား ပိတ်ထားကြောင်း သိရပါတယ်။
လူဦးရေ ၅.၈ သန်း နေထိုင်တဲ့ နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း ပိုးတွေ့သူ ၃,၇၀၀ နီးပါးနဲ့ သေဆုံးသူ ၁၄ ဦးရှိကြောင်း သိရပါတယ်။
ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေက လာမယ့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေဟာ ကပ်ရောဂါပိုးကြောင့် ဖြစ်လာမယ့် ထိခိုက်မှုတွေ များလာမှာကို စိုးရိမ်နေကြပါတယ်။
ဝန်ကြီးချုပ်က ခရစ္စမတ်ပွဲကို လူအနည်းစုလေးတွေ အတွင်းသာ ကျင်းပကြရန် ဆော်ဩနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဉရောပနိုင်ငံသားတွေအား ခရစ်စမတ်ပွဲနဲ့ နှစ်သစ်ကူးပွဲတွေကို မိသားစုအတွင်းမှာ မျက်နှာဖုံး ဝတ်ပြီး ကျင်းပကြရန် မနေ့က တိုက်တွန်းထားပါတယ်။
ဒိန်းမတ်နိုင်ငံမှာ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၁၉,၇၇၉ နဲ့ သေဆုံး ၉၇၅ ဦးရှိကြောင်း နောက်ဆုံး ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား - AFP