၂၁ သြဂုတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ်နဲ့တွေ့ဆုံမယ့် နိုင်ငံတော်ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း အင်္ဂါနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အိမ်ဖြူတော်ရဲ့ ပြောခွင့်ရသူကလည်း ဒိန်းမတ်ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး အတည်ပြုပြောကြားပါတယ်။ 

အမေရိကန်ရဲ့ ဂရင်းလန်း (Greenland) ဝယ်ယူရေးနဲ့ ပတ်သတ်ပြီး ဒိန်းမတ်ဝန်ကြီးချုပ်က စိတ်မဝင်စားတဲ့အတွက် ခရီးစဉ် ရွှေ့ဆိုင်းလိုက်တာလို့ သိရပါတယ်။ 

ဒိန်းမတ်ဘုရင်မ မာဂရတ်သီ ၂ ရဲ့ ဖိတ်ကြားချက်အရ အမေရိကန်သမ္မတဟာ စက်တင်ဘာ ၂ ရက်နေ့မှာ ဒိန်းမတ်ကို သွားရောက်လည်ပတ်ဖို့ ရှိနေပါတယ်။ ဒိန်းမတ်နိုင်ငံပိုင်နက်ထဲက ရေခဲတွေဖုံးလွှမ်းနေတဲ့ ဂရင်းလန်း ဟာ နည်းဗျူဟာပိုင်းမှာ အဓိကကျတဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ ဝယ်ယူချင်သင့်ကြောင်း ထရန့်က ပြီးခဲ့တဲ့ သီတင်းပတ်က အကြံပေးပြောဆိုခဲ့ပါတယ်။  

အဲဒီအကြံပေးချက်ကို ဒိန်းမတ်ဝန်ကြီးချုပ်က ထရန့်အနေနဲ့ ဂရင်းလန်းဝယ်ယူရေးကို သိပ်ပြီး အလေးမထားသင့်ဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဂရင်းလန်းရဲ့ နိုင်ငံခြားရေးဝန်ကြီးကလည်း ဂရင်းလန်းအနေနဲ့ စီးပွားရေးဆွေးနွေးဖို့ အသင့်အနေထားမှာရှိပါတယ်။ ဒါပေမယ့် ရောင်းရန်တော့ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ 

ဂရင်းလန်းဟာ ကမ္ဘာ့အကြီးဆုံး ကျွန်းတစ်ခုဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ဒိန်းမတ်နိုင်ငံပိုင်ကျွန်း ဖြစ်ပါတယ်။ ဂရင်းလန်းကျွန်းဟာ မြောက်အတ္တလန်တိတ် နဲ့ အာတိတ် သမုဒ္ဒရာမှာတည်ရှိပါတယ်။ ဌာနေတိုင်းရင်းသား ဦးရေ ၅၆,ဝ၀ဝ နေထိုင်ပြီး ကိုယ်ပိုင်လွှတ်တော်နဲ့ အုပ်ချုပ်ခွင့်ရှိသောကျွန်းဖြစ်ပါတယ်။ ဂရင်းလန်းဘဏ္ဍာရေးရဲ့ သုံးပုံနှစ်ပုံဟာ ဒိန်းမတ်နိုင်ငံရဲ့ ဘဏ္ဍာရေးအပေါ်မှာ မူတည်နေရပါတယ်။ ဂရင်းလန်းမှာ ကိုယ့်ကိုယ်ကိုသတ်သေနှုန်း၊ အရက်သောက်နှုန်း နဲ့ အလုပ်လက်မဲ့နှုန်းတွေဟာ အမြင့်ဆုံးမှာ ရှိနေပါတယ်။ 

ဒါပေမယ့် ဂရင်းလန်းဟာ အသန့်ရှင်းဆုံးရေ၊ ရေထွက်ပစ္စည်းများ၊ ကျောက်မီးသွေး၊ သွပ်၊ ကြေး၊ နဲ့ သံရိုင်းတွေ အပါအဝင် သဘာဝသယံဇာတများကြွယ်ဝပြီး ခရီးသွားလုပ်ငန်းမှာလည်း ရှေ့တန်းမှာ ရှိနေပါတယ်။ 

MDN
ကိုးကား - AFP