၉ မေ
ဒိန်းမတ်နိုင်ငံမှာ ပြတိုက်တွေ၊ ရုပ်ရှင်ရုံတွေ၊ ပြဇတ်ရုံတွေ၊ လဟာပြင် ဖျော်ဖြေရေးနဲ့ တိရိစ္ဆာန်ရုံတွေကို ဇွန်လ ၈ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မယ်လို့ အစိုးရက သောကြာနေ့က ကြေညာလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပျံ့နှံ့မှုကြောင့် လချီပြီး ပိတ်ထားတဲ့ ဖျော်ဖြေရေးတွေ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
လက်ရှိမှာ လူ ၁၀ ဦးထက်ပိုပြီး စုဝေးခွင့် မရှိပေမယ့် ပွဲတွေအခြေအနေကိုလိုက်ပြီး လူ ၃၀ ကနေ ၅၀ အထိ စုဝေးခွင့် ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။
မေ ၁၁ ရက်နေကစပြီး ဈေးဝယ်စင်တာတွေ ပြန်ဖွင့်မယ်လို့ ကြေညာပြီး နာရီပိုင်းအတွင်းမှာ အခုကြေညာချက်ထွက်လာတာဖြစ်ပါတယ်။
အခုချိန်မှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းနဲ့ သန့်ရှင်းရေးစည်းကမ်းတွေ ပြည့်စုံတဲ့ ရုံးတွေပြန်ဖွင့်နေပြီး လုပ်သားတွေ လုပ်ငန်းခွင်ကို ပြန်လည် ရောက်ရှိနေပြီဖြစ်ပါတယ်။
အခုလို လုပ်ငန်းခွင်နဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေပြန်ခွင့် အချိန်စာရင်းဟာ လွှတ်တော်အတွင်းမှာ နိုင်ငံရေးပါတီတွေ သဘောတူညီပြီးမှ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဘားတွေ၊ နိုက်ကလပ်တွေ ကတော့ ဩဂုတ်လ တွင်းမှာ ပြန်ဖွင့်ခွင့်ရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒိန်းမတ်နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေမှာ နိုင်ငံခြားသားတွေကို မတ်လ ၁၄ ရက်နေ့က စပြီး ပိတ်ထားခဲ့တာဖြစ်ပေမယ့် ပြန်ဖွင့်ရက်ကို ဇွန် ၁ ရက်နေ့လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။
ဒိန်းမတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဒဏ်ကို ဘေးပတ်ဝန်းကျင်နိုင်ငံတွေကထက် ပိုခံခဲ့ကြောင်း၊ နိုင်ငံအကျယ်ဝန်းချင်း တူညီတဲ့ နော်ဝေနိုင်ငံမှာ လူပေါင်း ၇,၉၉၅ ဦး ရောဂါကူးစက်ခံရပြီး ၂၀၉ ဦးသေဆုံး၊ ဖင်လန်နိုင်ငံမှာ ၅,၆၇၃ ဦးရောဂါခံစားရပြီး ၂၅၅ဦး သေဆုံးကြောင်း သိရပါတယ်။ ဒိန်းမတ်နိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၁၀,၂၈၁ ဦး ရှိပြီး ၅၁၄ဦး သေဆုံးကြောင်း မေ ၉ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား - AFP