ကိုပင်ဟေဂင် ၂၃ မေ
ကိုဗစ်-၁၉ ပျံ့နှံ့ကူးစက်မှု လျော့နည်းလာပြီဖြစ်သလို ဒိန်းမတ်နိုင်ငံရှိ အထက်တန်း ကျောင်းသားများလည်း စာသင်ခန်းများသို့ ပြန်လည် သွားရောက်နေပြီဖြစ်သည်။ ထို့အတူ အလယ်တန်းကျောင်းသားများလည်း ယခုသီတင်းပတ်တွင် ကျောင်းပြန်တက်နိုင်မည်ဖြစ်သည်။
ဒိန်းမတ် ကျန်းမာရေး အေဂျင်စီက မေ ၁၈ ရက် ကူးစက်မှုအသစ်နှုန်းသည် ၀ ဒသမ ၆ ရာခိုင်နှုန်းသာရှိပြီး မေ ၇ ရက် ကူးစက်နှုန်းဖြစ်သည့် ၀ ဒသမ ၇ ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်လျှင် နည်းလာကြောင်း ပြောသည်။
ကိုဗစ်- ၁၉ ကူးစက်ပျံ့နှံ့မှု နှေးကွေးသွားချိန်တွင် ဒိန်းမတ်နိုင်ငံသည် အသွားအလာ ကန့်သတ်ပိတ်ဆို့မှုမှ လွတ်မြောက်အောင် အရှိန်မြှင့်တင် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ပြတိုက်နှင့် တိရစ္ဆာန်ရုံများကိုလည်း ပြန်လည်ဖွင့်လှစ်ပေးနေပြီဖြစ်ကြောင်း ကျန်းမာရေးအရာရှိများက ပြောကြားလိုက်သည်။
ကနဦးအစီအစဉ်အရ ဒိန်းမတ်နိုင်ငံသည် ပြတိုက်များ၊ တိရစ္ဆာန်ရုံများ၊ ပြဇာတ်ရုံများ၊ ရုပ်ရှင်ရုံများနှင့် အလားတူ ဆွဲဆောင်ဖွယ်နေရာများကို ဇွန် ၈ ရက်အထိ ပိတ်ထားရန်ဖြစ်သည်။ သို့သော်လည်း မေ ၂၀ ရက်နှောင်းပိုင်း လွှတ်တော်၏ သဘောတူညီချက်ကြောင့် အဆိုပါနေရာများကိုပြန်လည် ဖွင့်လှစ်ရန် ချက်ချင်းဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
‘‘ ဒါဟာလုံး၀ကို ပျော်ရွှင်မှုပါပဲ၊ ငါတို့စနိုင်ပြီ’’ ဟု ဒိန်းမတ်နိုင်ငံသဘာ၀ သမိုင်းပြတိုက်၏ ညွှန်ကြားရေးမှူး ပီတာကဂျာကာ့တ်က ပြောသည်။ ၎င်းအနေဖြင့် ပြတိုက်၏ ဒိုင်နိုဆောအသစ်များကို ပြသနိုင်တော့မည့်အပေါ် စိတ်လှုပ်ရှားမိကြောင်း ပြောသည်။ သို့သော်လည်း ပြတိုက်အားလုံးကို ပြန်လည်ဖွင့်လှစ်ခွင့် မပေးထားသေးကြောင်းသိရသည်။ အချို့ပြတိုက် တာဝန်ရှိသူများက လာရောက် လေ့လာသူများကို ရှေ့သီတင်းပတ်တွင် စတင်လက်ခံနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
လွှတ်တော်တွင် သဘောတူညီခဲ့သော သဘောတူညီချက်အရ ဒိန်းမတ်နိုင်ငံ၏နယ်စပ်ကို ဆက်လက် ပိတ်ထားဦးမည်ဖြစ်သည်။ သို့သော်လည်း ရှေ့သီတင်းပတ်မှစတင်ကာ ဒိန်းမတ်နိုင်ငံတွင်းသို့ ခရီးသွားလာခွင့်ပြုမည့် စာရင်းများကို ထပ်မံတိုးချဲ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ထပ်မံတိုးချဲ့ပေးမည့် စာရင်းတွင် စကင်ဒီနေဗီးယားနိုင်ငံများဖြစ်သော ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်၊ ဖင်လန်၊ အိုက်စလန် စသည့်နိုင်ငံများ နှင့် ဂျာမနီနိုင်ငံတို့ ပါဝင်မည်ဖြစ်သည်။
အေအက်ဖ်ပီ