လန်ဒန် ၉ နိုဝင်ဘာ
ဒိန်းမတ်နိုင်ငံတွင် မွေးမြူထားသည့် မင့်ခ်(mink) ဟုခေါ်သည့် ဖျံမျိုးနွယ်ဝင် မြွေပါများထံမှ လူသို့ ကိုဗစ်-၁၉ ရောဂါ အသစ်တစ်မျိုး ကူးစက်မှုကို တွေ့ရှိခဲ့ရခြင်းကြောင့် ဗြိတိန်နိုင်ငံက ဒိန်းမတ်နိုင်ငံမှ လာရောက်မည့် ခရီးသွားများကို နိုဝင်ဘာ ၇ ရက်မှ စတင်ကာ ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ကြောင်း သိရသည်။
ဒိန်းမတ်နိုင်ငံတွင် ရောက်ရှိ နေသူ သို့မဟုတ် နေထိုင်လျက်ရှိ သည့် ဗြိတိန်နိုင်ငံသားများအနေဖြင့် မိမိနိုင်ငံဆီသို့ ပြန်လာခွင့်ရှိသော်လည်း နိုင်ငံအတွင်း ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ဗြိတိန်၌ ၎င်းတို့နှင့် အတူတကွ နေထိုင်မည့် မိသားစုဝင် များအားလုံးနှင့်အတူ ၁၄ ရက် သီးခြားနေထိုင်ကာ အသွားအလာ ကန့်သတ်မှုဖြင့် နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့်ရက်သတ္တပတ် နှစ်ပတ်အတွင်း ဒိန်းမတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ဗြိတိန်နိုင်ငံ သားများကိုလည်း ၁၄ ရက် သီးခြားနေထိုင်စေမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။
လတ်တလောတွင် ဒိန်းမတ်နိုင်ငံမှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များကို ပိတ်ပင်ခြင်းမရှိသေးသော်လည်း အဆိုပါယာဉ်များနှင့် ပတ်သက်သည့် နောက်ထပ်ကြေညာ ချက်တစ်ခုထုတ်ပြန်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ဖော်ပြသည်။ ဒိန်းမတ်နိုင်ငံသည် ဗြိတိန်သို့ ကုန်ပစ္စည်းတင်ပို့မှု အများဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်သည်။
ဒိန်းမတ်နိုင်ငံရှိ မြွေပါများမှ လူသို့ ရောဂါကူးစက်မှုဖြစ်ပွားခဲ့ပြီး မကြာမီ စကော့တလန် လေကြောင်းလိုင်း ဖြစ်သည့် လိုဂန်အဲလေကြောင်းလိုင်းကလည်း စကော့တလန်နှင့် ဒိန်းမတ် လေကြောင်းခရီးစဉ်ပြေးဆွဲမှုကို နိုဝင်ဘာ ၉ ရက်နေ့မှ စတင်ကာ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။
အေအက်ဖ်ပီ