ရန်ကုန်  ၂၈  ဧပြီ

 

ဒို့အိမ်လူမှုအကျိုးပြုအဖွဲ့အစည်းမှ “I DO NATION” ဟူသော ခေါင်းစဉ်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ဘေးဒဏ်ခံစား နေကြရသည့် ဈေးသည်များအတွက် ရန်ပုံငွေအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကြောင့် ထိခိုက်နစ်နာပြီး အခက်အခဲရင်ဆိုင်နေရသော ဈေးသည်များ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အဆင်ပြေစေရန်နှင့် ၎င်းတို့ကို မှီခိုနေသူများအတွက် အတိုင်းအတာ တစ်ခုအထိ ပြေလည်စေရန် တိုက်ရိုက်အကူငွေပေးအပ်ခြင်း၊ လုပ်အားပါဝင်ပေးခြင်း၊ တစ်ကိုယ်ရေးကာကွယ်မှု အသုံးအဆောင်များလှူဒါန်းခြင်းတို့ဖြင့် ဈေးသည်များ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 

“သူတို့အခြေအနေကိုကြည့်လိုက်တဲ့အခါမှာ နှာခေါင်းစည်းတို့၊ လက်သန့်ဆေးရည်တို့တောင် မဝယ်နိုင်ဘူး။ ဒါပေမယ့် သူတို့အပြင်ထွက်နေရတယ်။ သူတို့စီးပွားရေးရှိတယ်။ သူတို့ကို မှီခိုနေတဲ့ မိသားစုတွေရှိတယ်။ ဒီလိုမျိုးအခြေအနေတွေမှာ သူတို့အသက်ကို သူတို့ရင်းပြီး ဘာမှအကာအကွယ်မပါဘဲ ရောင်းနေရတယ်။ ရောင်းနေပေမယ့် လမ်းပေါ်မှာ ဘယ်သူမှလည်း မရှိဘူး။ မြိုထဲမှာဆို တော်တော်လေးခြောက်ကပ်သွားတာပေါ့နော်။ အဲလိုဖြစ်တဲ့အခါကျတော့ သူတို့တော်တော်လေးကြပ်တည်းလာတယ်။ အဲဒါကိုကြည့်ပြီး ထောက်ပံ့ဖို့ စဉ်းစားဖြစ်သွားတာပါ” ဟု ဈေးသည်များအတွက် ရံပုံငွေအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဂျူနီယာ ပရောဂျက်မန်နေဂျာ မခိုင်ယဉ်ထွန်းက ပြောကြားသည်။

 

အဆိုပါအစီအစဉ်ကို ဧပြီလဆန်းပိုင်းတွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကာ ဒို့အိမ်လူမှုအကျိုးပြု အဖွဲ့အစည်းအနေဖြင့် Multi Verse Advertising နှင့် Wave Money တို့ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

 ကနဦးအစပိုင်းတွင် ဗိုလ်ကလေးဈေးအနီးတစ်ဝိုက်ရှိ ဈေးသည်များအား နှာခေါင်းစည်း များ၊ လက်သန့်ဆေးရည်များ စတင်ဝေငှခဲ့ပြီး ဧပြီလ ၉ ရက်နေ့တွင် Wave Money မှတစ်ဆင့် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ လမ်းဘေးဈေးသည် ၇၅ ဉီးတို့အား တစ်ဉီးလျင် ငွေကျပ် ၂ သောင်းနှုန်းဖြင့် စတင် ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဧပြီလ ၂၄ ရက်နေ့တွင် လသာ၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်မြို့နယ်များမှ လမ်းဘေးဈေး သည် ၁၇၂ ယောက်တို့အား တစ်ဦးလျှင် ငွေကျပ်တစ်သောင်းစီကို ၎င်းတို့၏ လက်ကိုင်ဖုန်းများသို့ လွှဲပြောင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ကူညီထောက်ပံ့မှုများကို သီတင်းပတ် ၃ ပတ်ဆက်တိုက် လှူဒန်းမည်ဖြစ်ပြီး လမ်းမတော်နှင့် စမ်းချောင်းမြို့နယ်များအတွင်း ထပ်မံတိုးချဲ့လှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နောက်ပိုင်းတွင် လမ်းဘေးဈေးသည်များ ယင်းအစီအစဉ်တွင်ပါဝင်နိုင်ရန် I DO NATION လူမှုကွန်ယက်စာမျက်နှာ၌ ဆက်သွယ်ရမည် သူ၏ဖုန်းနံပါတ်နှင့် အမည်ကို ဖော်ပြပေးထားမည်ဖြစ်ပြီး ဈေးသည်များအနေဖြင့် အလွယ်တကူဆက်သွယ်နိုင်ရန် လုပ်ဆောင်ပေးထားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် လမ်း ဘေးဈေးသည် ၇ သောင်းကျော်ရှိပြီး ၎င်းတို့ကို မှီခိုနေရသော မိသားစုဝင် ၃ သိန်းနီးပါး ရှိကြောင်း ဒို့အိမ်၏ စစ်တမ်းများအရ သိရသည်။

 

အဆိုပါအစီအစဉ်တွင် ပါဝင်လှူဒါန်းလိုသော အလှူရှင်များအနေဖြင့်လည်း Wave Money သို့ KBZ Pay တို့မှ တစ်ဆင့်ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- ဒို့အိမ်