နေပြည်တော် ၁၃ ဖေဖော်ဝါရီ
စက်မှုဝန်ကြီးဌာနအနေဖြင့် ဒိုက်ဦးကော်မှုန့်စက်ရုံ၏ ပင်မကုန်ထုတ် ၃ ထပ် အဆောက်အဦကို ဆေးဝါးသုံးအရက်ပြန်များနှင့် ဆေးဆီ၊ ဆေးရည်များ ပြောင်းလဲ ထုတ်လုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အစိုးရ စက်မှုလက်မှု အထက်တန်းကျောင်းအဖြစ် အသစ်ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်မရှိသေးပါကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောသည်။
ဒိုက်ဦး မဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၏ ဒိုက်ဦးမြို့နယ် စက်မှု(၁)ပိုင် ကော်မှုန့်စက်ရုံ(၃)ထပ် အဆောက်အဦကို ပြန်လည် မွမ်းမံပြင်ဆင်၍ အစိုးရစက်မှုလက်မှု အထက်တန်းကျောင်းအသစ် (ဒိုက်ဦး)အဖြစ် ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက “နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများ၊ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် ခရိုင်၊ မြို့ကြီးများတွင်သာ ဦးစားပေးတည်ထောင်ဖွင့်လှစ်ရေး စီမံဆောင်ရွက်လျက်ရှိသောကြောင့် ဒိုက်ဦး ကော်မှုန့်စက်ရုံကို ပြန်လည်မွမ်းမံပြင်ဆင်ပြီး အစိုးရနည်းပညာ အထက်ကျောင်းအဖြစ် လတ်တလော ဖွင့်လှစ်ပေးနိုင်ခြင်း မရှိပါဟု ပညာရေးဝန်ကြီးဌာနမှ ဖြေကြားထားပါကြောင်း။
စက်မှုဝန်ကြီးဌာန အနေဖြင့် ဒိုက်ဦးကော်မှုန့်စက်ရုံ၏ ပင်မကုန်ထုတ် ၃ ထပ် အဆောက်အဦကို ဆေးဝါးသုံး အရက်ပြန်များနှင့် ဆေးဆီ၊ ဆေးရည်များ ပြောင်းလဲထုတ်လုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ အနေဖြင့်လည်း ဒိုက်ဦးကော်မှုန့်စက်ရုံ၏ ၃ ထပ် အဆောက်အဦကို အစိုးရ စက်မှုလက်မှု အထက်တန်းကျောင်းအဖြစ် အသစ်ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ် မရှိသေးပါကြောင်း၊ နိုင်ငံတော်အတွက် လက်တွေ့ကျသော စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများ ပြောင်းလဲထုတ်လုပ်နိုင်ရေးကိုသာ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။
MDN