ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်
ဧပြီ ၄ ရက်နေ့မှအဆက်
ရုပ်ရှင်စတန့်မင်းသားတွေဟာ သက်စွန့်ဆံဖျား အသက်ကိုရင်းပြီးတော့ စတန့်တွေလုပ်ခဲ့ကြတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ တချို့ဆိုရင်လည်း စိတ်တွေဘာတွေ ဂယောက်ဂယက်ဖြစ်ပြီးတော့ အသက်တိုကြရ။ ဒီလိုဟာတွေ တော်တော်များများကို ကျွန်တော်တွေ့ခဲ့ရပါတယ်။ စတန့်မင်းသားရဲ့ဘဝ ဆိုတာဟာ တကယ့်ကို နုနုနယ်နယ်နဲ့ ပျော့ပျော့ပျောင်းပျောင်း ဘဝခရီးကိုလျှောက်ရတဲ့ ပုဂ္ဂိုလ်တွေမဟုတ်ပါဘူး။ ဒါကြောင့်လည်း ဒီအချိန်မှာ တော်တော်များများ စတန့်မင်းသားတွေဟာ မရှိကြတော့ပါဘူး။ အဲဒီအထဲမှာ ရှားရှားပါးပါးနဲ့ ကျွန်တော်တို့ ထူးထူးခြားခြားတွေ့ရတဲ့ စတန့်မင်းသားတစ်ယောက်ရှိပါတယ်။ သူကတော့ အခု ကျွန်တော်နဲ့ဆွေးနွေးမယ့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူ့ရဲ့အသက်ကို ပြောရမယ်ဆိုရင်တော့ အခုဆိုရင် အသက် ၉၄ နှစ်ထဲကို ရောက်နေပါပြီ။ သူကတော့ ကျွန်တော်တို့အရွယ်တွေ တော်တော်များများသိကြ အားပေးခဲ့ကြ၊ လက်ခုပ်တီးခဲ့ကြ၊ လက်ခေါက်မှုတ်ခဲ့ကြတဲ့ စတန့်မင်းသား ဒိုင်ဗင်တင်လှ ဖြစ်ပါတယ်။ အခုကျွန်တော် စတန့်မင်းသားဒိုင်ဗင်တင်လှနဲ့ ရုပ်ရှင်စကားဝိုင်းကို ဆွေးနွေးမှာ ဖြစ်ပါတယ်။
ကြည်စိုးထွန်း။ ။ အဘ အလွတ်ကော မထိုးဘူးလား။ ရေထဲကို မဟုတ်ဘဲနဲ့ မြေကြီးပေါ်မှာဆိုပါတော့၊ တိုက်ပေါ်ကနေ မြေကြီးပေါ်ကို။
ဒိုင်ဗင်တင်လှ။ ။ ဘုရင့်ရုံပေါ်က နောက်ကျွမ်းဒိုင်ဗင်။ အောက်မှာသဲအိတ်တွေ၊ မြေကြီးအိတ်တွေခံ၊ ဘာမှမခံနဲ့။ အသားလွတ်ထိုးတာ။
ကြည်စိုးထွန်း။ ။ နောက်ကျွမ်းကို...။ အခု ဘုရင့်ရုပ်ရှင်ရုံပေါ့။ မြို့ထဲက ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ဘုရင့်ရုံ၊ အဲဒီကနေပြီးတော့ ပေါ်တီကိုအောက်ပေါ့။
ဒိုင်ဗင်တင်လှ။ ။ ခုနက ရဲချစ်တို့၊ ဘာတို့လေ။
ကြည်စိုးထွန်း။ ။ ဪ ရဲချစ် ၊ နောက် အဘရဲ့ဆရာ တင်ဖေ။
ဒိုင်ဗင်တင်လှ။ ။ ရဲချစ်တို့၊ လက်သီး မောင်မောင်တို့။
ဒိုင်ဗင်တင်လှ။ ။ နောက် သည့်ပြင်တိုက်တွေ အိမ်တွေပေါ်က ပေါ်တီကိုတွေပေါ်က ဒိုင်ဗင်၊ အောက်မှာ ပိုက်ခံမလား၊ အိတ်ခံမလား၊ မခံနဲ့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
ဒိုင်ဗင်တင်လှ။ ။ ဒါခံလို့ရှိရင်တော့ လူတိုင်း ထိုးလို့ရတာပေါ့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
ဒိုင်ဗင်တင်လှ။ ။ အဲဒါ အဘ အသား လွတ် ထိုးတာ။
ကြည်စိုးထွန်း။ ။ ထိုးတော့။
ဒိုင်ဗင်တင်လှ။ ။ အဲဒါနဲ့ ဒိုင်ဗင်ဘွဲ့ပေးတာ သူတို့။
ကြည်စိုးထွန်း။ ။ ဪ အောက်ကိုကျတော့ အဘ ဘယ်လိုလုပ်လိုက်လဲ၊ ခြေထောက်နဲ့ချ။
ဒိုင်ဗင်တင်လှ။ ။ ခြေထောက်နဲ့ချတာ။ (ထိုင်လျက်မှ ကျပုံလုပ်ပြ) ဒီလိုခြေထောက်နဲ့ကျတာ။
ကြည်စိုးထွန်း။ ။ ဒီတော့ ဒီခြေထောက်တွေ မနာဘူးလား။
ဒိုင်ဗင်တင်လှ။ ။ မနာဘူး။
ကြည်စိုးထွန်း။ ။ ဪ လေ့ကျင့်ထားတာပေါ့။
ဒိုင်ဗင်တင်လှ။ ။ လေ့ကျင့်ထားလို့။
ကြည်စိုးထွန်း။ ။ ဪ နောက်ကျွမ်းဆိုလည်း ခြေထောက်နဲ့ပဲ ဖတ်ခနဲကျတယ်။ ဒီလိုဝရန်တာကိုကျော် ထိုးတဲ့အခါ ကျတော့လည်း တစ်ပတ်ကျွမ်းနဲ့ ဟိုဘက်မှာတစ်ခါ ခြေထောက်နဲ့ပြန်ကျတယ်။
ဒိုင်ဗင်တင်လှ။ ။ ရေထဲကျတော့ ဒီလိုထိုးတာ (လက်ဟန်ပြပြီးပြော)။
ကြည်စိုးထွန်း။ ။ အဘတို့ကနေ ပြီးတော့ ရုပ်ရှင်တွေထဲ အဲဒီလို ထိုးကြရော၊ ဒိုင်ဗင်တွေ ထိုးပြတယ်မှတ်လား။ ဟာ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဒိုင်ဗင်သိပ်ထိုးချင်တာ၊ ထိုးချင်တော့ တစ်ခါတည်း ကျွန်တော်တို့မြို့က မူးချောင်းလေး ရှိတယ်။ အဲဒီ မူးချောင်းတံတားပေါ်ကနေ ကျွန်တော်တို့က အဘတို့ထိုးသလို ထိုးတာပေါ့။
ဒိုင်ဗင်တင်လှ။ ။ တော်တော် အထိနာကုန်ကြတာပေါ့။
ကြည်စိုးထွန်း။ ။ တစ်ခါတလေကျတော့ ခြေထောက်နဲ့ မကျဘူး။ ကျောနဲ့ကျတာ ဗွမ်းဆို။
ဒိုင်ဗင်တင်လှ။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ အများကြီးပဲ၊ အဲဒီ ကျွန်တော်တို့ ငယ်ငယ်တုန်းက ခေတ်တုန်းကဆိုရင် ကျွန်တော်တို့ အစ်ကိုတွေရော၊ ကျွန်တော့် အစ်ကိုသူငယ်ချင်း တွေရော ညနေညနေဆို ချောင်းတံတားလေး ပေါ်မှာ ဒိုင်ဗင်ကျင့်ကြတာ၊ အဲဒါအဘတို့ကို အားကျပြီးတော့ ကျင့်ကြတာ။
ဒိုင်ဗင်တင်လှ။ ။ ဒါပေါ့ ဒါပေါ့။
ကြည်စိုးထွန်း။ ။ တချို့လည်း ကျောတွေ ဘာတွေ ကိုင်ပြီးတော့၊ နာပြီးတော့ ပြန်ကြရတာ။ ကျွန်တော်ကတော့ ခဏခဏ အရိုက်ခံရတယ်။ အိမ်ရောက်ရင် ရေသွားသွားလို့ဆိုပြီးတော့ အိမ်ကရိုက်တာပေါ့၊ အဘတို့ကျေးဇူးတွေပေါ့ အဘရယ်။ အဲဒီတုန်းက ဒိုင်ဗင်ထိုးတယ်ဆို ဒိုင်ဗင်ကိုကထိုးချလိုက်တဲ့အခါမှာ သူက ကော့ပြီးတော့ ကျသွားတာတွေ၊ ရိုက်လည်းရိုက် တတ်တယ်၊ အခုတော့ မတွေ့တော့ဘူး အဘရဲ့ အဲဒါမျိုးတွေ အခုခေတ်မှာ။
ဒိုင်ဗင်တင်လှ။ ။ အခု အဘဆင်းလို့ရတယ်လေ။
ကြည်စိုးထွန်း။ ။ ဟုတ်လား။
ဒိုင်ဗင်တင်လှ။ ။ ဘုရင့်နောင်တံတား အခု ထိုးလို့ရတယ်။
ကြည်စိုးထွန်း။ ။ ဘုရင့်နောင်တံတားကို။
ဒိုင်ဗင်တင်လှ။ ။ အောက်မှာ လှေတစ်စင်းပဲထား။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
ဒိုင်ဗင်တင်လှ။ ။ ဒိုင်ဗင်ထိုးတော့ ရေကူးပြီးတော့ လှေပေါ်တက်သွားလိုက်မယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ပါပြီ အဘရယ်၊ အဲဒီတုန်းကတွဲခဲ့ရတဲ့ မင်းသားတွေက ဘယ်သူတွေလဲ။ အဘနဲ့အတူတွဲရိုက်တဲ့
မင်းသားတွေက။
ဒိုင်ဗင်တင်လှ။ ။ ခုနက ရဲချစ်တို့ ၊ ဘာတို့လေ။
ကြည်စိုးထွန်း။ ။ ဪ ရဲချစ်၊ နောက်အဘရဲ့ဆရာ တင်ဖေ။
ဒိုင်ဗင်တင်လှ။ ။ ရဲချစ်တို့ ၊ လက်သီး မောင်မောင်တို့။ သူတို့နဲ့ ထိုးရတယ်။
ကြည်စိုးထွန်း။ ။ ထိုးတော့ တကယ်ထိလား။ အဲဒီတုန်းက။
ဒိုင်ဗင်တင်လှ။ ။ ထိုးတာ ထိတာပေါ့။
ကြည်စိုးထွန်း။ ။ ဟုတ်လား၊ တကယ်အထိ ထိုးတာပဲ။
ဒိုင်ဗင်တင်လှ။ ။ နှစ်နေရာရှိတယ်၊ ရင်ဝနဲ့ ဒီကို(လည်ပင်း) ထိရင် နှစ်ယောက် အဲဒါနောက်ကောက်ကျရော။ ဒီမှာ (ဝမ်းဗိုက်နေရာ) အရေးကြီးတယ်။ ဒီမှာ (မေးစေ့နေရာ) အရေးကြီးတယ်။ အားပါးတရ ချလိုက်ရင်သွားရော၊ မေ့ရော။
ကြည်စိုးထွန်း။ ။ အဘက ဘောက်ဆင် လည်း ထိုးဖူးတယ်ထင်တယ်နော်။
ဒိုင်ဗင်တင်လှ။ ။ boxer သမားပဲလေ။
ကြည်စိုးထွန်း။ ။ ဟုတ်လား။
ဒိုင်ဗင်တင်လှ။ ။ အဘက Cup တွေ ဘာတွေရပြီးပြီ ငယ်ငယ်တုန်းက။
ကြည်စိုးထွန်း။ ။ ရုပ်ရှင်ထဲကို မဝင်ခင်တုန်း ကပေါ့။ လက်ဝှေ့က။
ဒိုင်ဗင်တင်လှ။ ။ ရုပ်ရှင်ပြီးတော့မှ အပြင်မှာလည်း ထိုးတာ။
ကြည်စိုးထွန်း။ ။ ဪ ဟုတ်ကဲ့။ ကဲ အဘရယ် ပြောကြပါဦးစို့၊ အဘက ဆယ့်ငါးနှစ်သားလောက်မှာ ရုပ်ရှင်ထဲ ဝင်ဖြစ်တာလား။
ဒိုင်ဗင်တင်လှ။ ။ ဟုတ်ကဲ့ ။
ကြည်စိုးထွန်း။ ။ နေဦး။ တပ်ထဲက ဘယ်အချိန်ဝင်တာလဲ၊ အခု ဒီမှာ တံဆိပ်တွေက ဘာတွေလဲ ပြောပါဦး ကျွန်တော့်ကို။
ဒိုင်ဗင်တင်လှ။ ။ အဲဒါတွေက အဘတို့ အင်္ဂလိပ် စစ်တပ်ကနေလာပြီး ဗမာသနက(၁)ကို စဝင်တာ သေနတ်ကိုင် တပ်ရင်း(၁) ။
ကြည်စိုးထွန်း။ ။ ပထမ အင်္ဂလိပ်စစ်တပ်ထဲကို ဝင်သေးတာ။
ဒိုင်ဗင်တင်လှ။ ။ အင်္ဂလိပ်စစ်တပ်ပြီးတော့မှ ဒီဘက်ဝင်လာတာ။
ကြည်စိုးထွန်း။ ။ ဝင်လာတော့ တပ်ထဲက ထွက်ပြီးတော့မှ ရုပ်ရှင်ထဲဝင်တာလား။
ဒိုင်ဗင်တင်လှ။ ။ ရုပ်ရှင်ထဲဝင်တာ။
ကြည်စိုးထွန်း။ ။ အဲဒီတော့ ကောင်းပါတယ်။ အခုအတိုင်း ကောင်းပါတယ်နော်။ ဟုတ်ပြီ ကောင်းပြီ အဘ ဒီဟာက ဘာတံဆိပ်လဲ၊ စစ်မှုထမ်းတံဆိပ်လား။
ဒိုင်ဗင်တင်လှ။ ။ ဒါတွေက long service တွေပေါ့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။ တပ်ထဲမှာ ဘယ်လိုနေရာမှာ အမှုထမ်းခဲ့လဲ။
ဒိုင်ဗင်တင်လှ။ ။ Burma Army BAC မှာ အင်စပက်တာ ဆရာကြီးပေါ့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
ဒိုင်ဗင်တင်လှ။ ။ နည်းပြဆရာပေါ့။
ဒိုင်ဗင်တင်လှ။ ။ Burma Army Centre School မှာ ဆရာကြီး။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။ ဪ အဲဒီမှာ ဆရာကြီး အဲဒါဘယ်နှနှစ်လောက် ကြာလဲ။
ဒိုင်ဗင်တင်လှ။ ။ ကြာတာတော့ တော်တော်ကြာတယ်။ တိုက်ပွဲတွေ ဘာတွေ ပြီးတဲ့အထိ ပြီးလို့ပေါ့။ ခလရ(၁၁)မှာ တစ်ခါ ထပ်အသစ်ဖွင့်တော့ အဘဆရာ သွားလုပ်ရသေးတယ်။
ကြည်စိုးထွန်း။ ။ ရာထူးက ဘယ်လောက်အထိရလဲ ရာထူးက။
ဒိုင်ဗင်တင်လှ။ ။ ရာထူးက အရာခံဗိုလ်လောက် ရှိတယ်။
ကြည်စိုးထွန်း။ ။ ဪ အရာခံဗိုလ် လောက်ရတယ်။
ဒိုင်ဗင်တင်လှ။ ။ အဲဒီကပြီးမှ။
ကြည်စိုးထွန်း။ ။ ထွက်လိုက်တာကို။
ဒိုင်ဗင်တင်လှ။ ။ နို့မို့ ဗိုလ်ဖြစ်တာပေါ့။
ကြည်စိုးထွန်း။ ။ မင်းသားလုပ်ဖို့၊ ရုပ်ရှင် ဝါသနာပါလို့ ထွက်လိုက်တာလား။
ဒိုင်ဗင်တင်လှ။ ။ ဝါသနာ သိပ်ပါတာပေါ့။ ရုပ်ရှင်ရူးတဲ့အတွက် နို့မို့ဝင်ဒါမီယာမှာနေရမှာ။
ကြည်စိုးထွန်း။ ။ မနေပါနဲ့ ကောင်းပါတယ်။ ခုအတိုင်းကောင်းပါတယ်။
ဒိုင်ဗင်တင်လှ။ ။ တိုက်တွေ၊ တိုက်ခန်းတွေ၊ ဘာတွေပေးတယ်။ အဘစားဖို့ ရောင်းစားလိုက်တော့ ကုန်ပြီ။ အခုတော့ အိမ်ငှားနေရတာပေါ့။ သမီးနဲ့ နေရတာ။
ကြည်စိုးထွန်း။ ။ စိတ်ချမ်းချမ်းသာသာရှိဖို့ အရေးကြီးတယ်။ စိတ်ချမ်းသာဖို့ အရေးကြီးတယ်။ အဘ စိတ်ချမ်းသာ တာပဲနော်။
ဒိုင်ဗင်တင်လှ။ ။ အနန္တော အနန္တငါးပါးကို မမေ့ဘူး။ အမြဲသတိရတယ်။ အမြဲစိတ်ချမ်းသာတယ်။
ကြည်စိုးထွန်း။ ။ ကဲ အဲဒီတော့ တပ်ထဲက နေပြီးတော့ထွက်၊ ထွက်ပြီး ရုပ်ရှင်ထဲကိုဝင်တာလား။
ဒိုင်ဗင်တင်လှ။ ။ ရုပ်ရှင်ထဲဝင်တာ။
ကြည်စိုးထွန်း။ ။ ရောက်သွားပြီ ။ အဲဒီအခါ ပထမဆုံးကားက ဘာကားလဲ။
ဒိုင်ဗင်တင်လှ။ ။ ‘သူပုန်မ’လား၊ ဘာလား မပြောတတ်ဘူး။
ကြည်စိုးထွန်း။ ။ ဟုတ်လား ‘သူပုန်မ’က ဒါရိုက်တာ ဦးဘဇင်၊ တင်ဆွေနဲ့ မေဆန်း၊ မေဆန်းနဲ့အေဝမ်းက မေသန်း။
ဒိုင်ဗင်တင်လှ။ ။ ကိုတင်ဖေနဲ့လည်း စပြီး တွဲတယ်။
ကြည်စိုးထွန်း။ ။ ပထမကားကို ကောင်းကောင်း မမှတ်မိတော့ဘူးပေါ့နော်။
ဒိုင်ဗင်တင်လှ။ ။ မမှတ်မိတော့ဘူး။
ကြည်စိုးထွန်း။ ။ ‘သူပုန်မ’ ဖြစ်ချင်ဖြစ်မယ်နော်။ ‘သူပုန်မ’ဖြစ်ဖို့များတယ်ပေါ့နော်။ဒိုင်ဗင်တင်လှ။ ။ ‘စောရ သက်ပြင်း’။
ကြည်စိုးထွန်း။ ။ နောက်တစ်ခါ ‘စောရသက်ပြင်း’၊ ‘စောရသက်ပြင်း’ ကျတော့ ခေါင်းဆောင်မင်းသား ဖြစ်သွားပြီ၊ ခေါင်းဆောင်မင်းသား ဖြစ်သွားပြီနော်၊ ခင်စန်းရီတို့၊ ဆွေဆွေသန်းတို့၊ စံရွှေတို့နဲ့ တွဲပြီးတော့နော်။ ဒါရိုက်တာ မောင်လှတင်နဲ့၊ ဒါရိုက်တာ မောင်လှတင်က ဆရာရင်းပေါ့ ဟုတ်လား။
ဒိုင်ဗင်တင်လှ။ ။ ဟုတ်တာပေါ့။
ကြည်စိုးထွန်း။ ။ အဲဒါလေး ရိုက်ပြီးတော့ နော်၊ ရိုက်ပြီးတာနဲ့ အဘက အသံထွက်ကို။
ဒိုင်ဗင်တင်လှ။ ။ အသံထွက်လည်း ပါတယ်။ အသံထွက်လည်း ဝင်လာပြီ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ‘လင်းလုရောင်ခြည်’ မှာ အသံထွက်ဖြစ်သွားပြီနော်၊ အဲဒီလို ရိုက်ခဲ့တယ်။ အဲဒီတော့ အတွေ့အကြုံတွေပြောပါဦး။ အဲဒီမှာ ရုပ်ရှင်ထဲမှာ အခက်အခဲတွေ၊ ဒါမှမဟုတ် ပျော်စရာကောင်းတာတွေ ဘာတွေရှိလဲ ပြောပါဦး။
ဒိုင်ဗင်တင်လှ။ ။ အသံထွက် ကျတော့ နည်းနည်းအရေးကြီးသွားပြီ။ သူကစကားပြောတာကို စကားပြောကောင်းမှ၊ မကောင်းရင်မရဘူး။ အသံတိတ်တုန်းကတော့ ကိုယ်ပြောချင်ရာ ပြောလို့ရတယ်။
ကြည်စိုးထွန်း။ ။ မှားလည်း ကိစ္စမရှိဘူး။
ဒိုင်ဗင်တင်လှ။ ။ သူတို့က စာ၊ သူ့ဘာသာရေးတာကို။ အသံထွက်ကျတော့ သေချာပီပီသသနဲ့ ပြောရတယ်။ မှားလို့ မရဘူး။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဖိုက်တင်ခန်းတွေ ဘာတွေတော့ ကိုယ်က လေ့ကျင့်ထားတယ်။ ကိုယ်က လက်ဝှေ့သမားလည်း ဖြစ်တယ်။ ဒိုင်ဗင်သမားလည်း ဖြစ်တယ်ဆိုတော့ ဖိုက်တင်ခန်းကတော့ အိုကေ။
ဒိုင်ဗင်တင်လှ။ ။ ဖိုက်တင်ခန်း ကတော့ အိုကေပေါ့။
ကြည်စိုးထွန်း။ ။ မင်းသမီးနဲ့တွဲရတဲ့ အခန်းလေး ပြောစမ်းပါဦး။ မင်းသမီးနဲ့ ချစ်ခန်းကြိုက်ခန်းကျတော့ ဘယ်လိုလုပ်လဲ။
ဒိုင်ဗင်တင်လှ။ ။ မင်းသမီးကတော့ တကယ် ဖက်တယ်။
ကြည်စိုးထွန်း။ ။ ကိုယ်က စိတ်ရဲတင်းတော့ အဘက ဝါသနာကိုပါတာလား၊ အဲဒီလိုက ဝါသနာကိုပါပြီးတော့ ချစ်ခန်းကြိုက်ခန်း ဝါသနာပါတာလား။ ကြောက်ကြောက်ရွံ့ရွံ့နဲ့ လုပ်ရတာလား၊ ကြောက်ကြောက်ရွံ့ရွံ့နဲ့ လုပ်တာလား၊ စိတ်ပါလက်ပါ လုပ်တာလား။
ဒိုင်ဗင်တင်လှ။ ။ ပါတာပေါ့ စိတ်ပါတာပေါ့။
ကြည်စိုးထွန်း။ ။ စိတ်ပါလက်ပါကို လုပ်တာ။ အဘက ဒါဖြင့် ထိုးခန်းကြိတ်ခန်းလည်း ရတယ်။ ချစ်ခန်း ကြိုက်ခန်းမှာလည်း ဒူးမတုန်ဘူး။
ဒိုင်ဗင်တင်လှ။ ။ မတုန်ဘူး မတုန်ဘူး။
ကြည်စိုးထွန်း။ ။ ဪ အဘ ဒါဖြင့် တော်တော်ကို နှစ်ဖက် စလုံးဖြစ်တာပေါ့နော်၊ သီချင်းတွေ ဘာတွေ ကော ဆိုဖူးလား။
ဒိုင်ဗင်တင်လှ။ ။ သီချင်းဆိုတာရတယ်။ သီချင်းလည်း ရတယ်၊ ပြဇာတ်တွေ ဘာတွေကျတော့ သီချင်းဆိုရတာပေါ့။ ပြဇာတ်မင်းသားလည်း လုပ်စားသေးတယ်။
ကြည်စိုးထွန်း။ ။ ပြဇာတ်မင်းသား အဲဒါက အဘ ဇာတ်တွေနဲ့လုပ်တာလား၊ ရုပ်ရှင်အဖွဲ့နဲ့ လုပ်တာလား။
ဒိုင်ဗင်တင်လှ။ ။ ရုပ်ရှင်မင်းသားဆိုတော့ ဇာတ်ထဲက ခေါ်တယ်။ ပုသိမ်က ဦးစိန်သော်သား နယ်လှည့်ပြီးတော့ ဇာတ်ထဲမှာ ကရတယ်။ ရှေ့ပိုင်းပြဇာတ် မင်းသားပေါ့။ အဲဒီတော့ စုံတွဲပဲသီချင်းပါ ဆိုရတယ်။
ကြည်စိုးထွန်း။ ။ ဪ အဲဒီမှာ သီချင်းဆိုတယ်ပေါ့။ ပြဇာတ်တွေမှာ။
ဒိုင်ဗင်တင်လှ။ ။ သီချင်းတောင် မေ့ကုန်ပြီ၊ ခါတိုင်းက တော်တော်လေး ဆိုနေသေးတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်လား နည်းနည်း လောက် ရသေးလား။
ဒိုင်ဗင်တင်လှ။ ။ အဘ ဘုရားအလုပ်ပဲ လုပ်နေတော့၊ အာရုံပြုနေတော့ အဲဒါတွေက မေ့ကုန်ရော။
ကြည်စိုးထွန်း။ ။ နစ္စဂီတပေါ့ ဟုတ်လား။
ဒိုင်ဗင်တင်လှ။ ။ အနန္တောအနန္တ ငါးပါး ဘုရားစာပဲရွတ်နေတာ သီချင်းတွေလည်း မေ့ကုန်ပြီ။ တရားအလုပ် ပဲလုပ်နေတာ။ ဒါကြောင့် အဘ အသက်ရှည်တာ။
ကြည်စိုးထွန်း။ ။ ဪ ဪ။
ဒိုင်ဗင်တင်လှ။ ။ ဓမ္မာရုံမှာ အဘ အသက် အကြီးဆုံးပဲ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
ဒိုင်ဗင်တင်လှ။ ။ အဘထက် ငယ်တဲ့ အဘိုးကြီးတွေ ဒီလိုသွားနေရတာ (ခါးကုန်းတောင်ဝှေးကိုင်သလိုလုပ်ပြ)။
ကြည်စိုးထွန်း။ ။ ဘယ်နှခုနှစ်မှာ မွေးတာ လဲ အဘ။
ဒိုင်ဗင်တင်လှ။ ။ ခုနှစ်က ၉-၇-၁၉၁၆။
ကြည်စိုးထွန်း။ ။ ဪ ဒါဖြင့် ၉၄ ထဲ ရောက် နေတာပေါ့။ ရက်ပိုင်းလေးရောက်နေတာ ၉၃ နှစ်ပြည့် သွားပြီ။
ဒိုင်ဗင်တင်လှ။ ။ ဝါဆိုလပြည့်ဆို ပြည့်သွားပြီ။
ကြည်စိုးထွန်း။ ။ ဪ ဟုတ်ပြီ အဘ။ အဘ ဘယ်လောက်နေဦးမှာလဲ တစ်ရာ့ငါးဆယ်လောက် နေဦးမှာလား။
ဒိုင်ဗင်တင်လှ။ ။ ဒါကတော့ သဗ္ဗေသတ္တာ ကမ္မသကာပေါ့။ ပြောလို့မရဘူး၊ နေချင်လည်း နေရမှာပေါ့။
ကြည်စိုးထွန်း။ ။ အား ကျန်းမာတာပဲနော်။ အဘက အခုဟာကလေ အသံတိတ်ကားတွေလည်း ရိုက်ဖူးတယ်။ အသံထွက်ကားလည်း ရိုက်ဖူးတယ်။ ဆရာ့အနေနဲ့ဆိုရင် ဒါရိုက်တာ မောင်လှတင်ရှိမယ်။ နောက်တစ်ခါကျတော့ မင်းသားတင်ဖေရှိမယ်။ အဲဒီလိုရိုက်တဲ့အခါ ကျတော့များသောအားဖြင့်တော့ အဘတို့က ဒိုင်ဗင်ထိုးတဲ့ အခန်း၊ နောက်တစ်ခါကျတော့ ဆိုင်ကယ်တွေ၊ ကားတွေကော စီးရလား။ (ဆက်လက်ဖော်ပြပါမည်)