ဒို့တောင်သူတွေ ဝင်ငွေတိုးဖို့ ပေါင်းစည်းလယ်ယာ လုပ်ကြစို့

မောင်အောင်

“အားလုံး မင်္ဂလာပါ။ ရောက်နေကြတာ ကြာပြီလားဗျာ”


အိမ်ဝိုင်းအတွင်း ဘကြီးအောင် ရောက်သွားတော့ ရွာသူရွာသား ၆ဝ-၇ဝ ခန့် အသင့်ရောက်ရှိနေသဖြင့် နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။

“မကြာသေးပါဘူး။ စောစောကမှ ရောက်ကြတာပါ”။


ထိုင်းနှံကောက် မျိုးစပါး၊ မျိုးစေ့စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း


ရှေ့ထိုင်ခုံရှိ လယ်သမားကြီးတစ်ဦးက သွက်သွက်လက်လက် ပြန်ဖြေလိုက်သည်။ နေရာကား တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်တွင် ဖြစ်သည်။ ရန်ကုန် - မန္တလေးကားလမ်းဟောင်း၏ အနောက်ဘက် တစ်မိုင်ခန့်အကွာ လယ်ကွင်းအတွင်း ရှိ အိမ်ဝိုင်းတွင် ဖြစ်သည်။ အိမ်ဝိုင်းအတွင်း နို့စားနွား ၁၅ ကောင်နှင့် ကျွဲခြောက်ကောင်ခန့် မွေးထားသည်။ ဥစားဘဲကလည်း ၂၅ဝ ခန့်ရှိသည်။ သဘာဝမြေဩဇာပုံ ခြောက်ပုံကလည်း စိုက်ခင်းအတွင်းထည့်ရန် အသင့်ဖြစ်နေသည်။ ခပ်လှမ်းလှမ်းရှိ ထိုင်းနှံကောက် မျိုးစပါး၊ မျိုးစေ့ထုတ်စိုက်ခင်းကလည်း စပါးသီးများဖြင့် အောင်မြင်ဖြစ်ထွန်းနေသည်။

နေမပူသေးဘဲ တက်သစ်စအလင်းရောင်အောက်မှ တောင်သူများ၏ နွေးထွေးပျူငှာသည့် အပြုံးများက ဘကြီးအောင်၏ ရင်ကိုလန်းဆန်း ကြည်နူးစေပါသည်။

စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိက အလုပ်လုပ်ကြ


“ကျွန်တော် အခုလို ကျွန်တော်တို့ အမျိုးတွေ တောင်သူတွေကို ကျန်းကျန်းမာမာ စုံစုံညီညီတွေ့ရတော့ အများကြီး ဝမ်းသာကြည်နူးမိပါတယ်။ အထူးသဖြင့် ဒီနေ့ခရီးစဉ်ကို ပေါင်းစည်းလယ်ယာမှာ စီစဉ်ထားပေးတဲ့ ကျွန်တော့်ရဲ့ ဝန်ထမ်းတွေကို အများကြီးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လူဦးရေရဲ့ ၇ဝ ရာခိုင်နှုန်းက တောအရပ်မှာနေကြတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိကထားပြီး အလုပ်လုပ်ကြတယ်။ အသက်မွေး ဝမ်းကျောင်းပြုကြတယ်။ တိုင်းပြည်ချမ်းသာတယ် ဆိုတာ သူဌေးကြီး (၄-၅-၁ဝ) ယောက်လောက် ကျိကျိတက်ချမ်းသာနေတာကို တိုင်းပြည် ချမ်းသာတယ်လို့ ပြောလို့မရဘူး။ အခုလို လူများစုဖြစ်တဲ့ ကျွန်တော်တို့ တောင်သူလယ်သမားတွေ ချမ်းသာမှ တိုင်းပြည်ချမ်းသာတယ်လို့ ပြောလို့ရမှာ။ ဒါ့ကြောင့် အခုနိုင်ငံတော်ကို တာဝန်ယူထားတဲ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်က ဒုတိယအချက်မှာ “တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူ လူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်။” ဆိုပြီး လုပ်ငန်းစဉ်ချမှတ်ခဲ့တာ။”

“တောင်သူ ဦးကြီးတွေအားလုံး သိပါတယ်။ အရင်အစိုးရတွေ လက်ထက်ကလည်း စိုက်ပျိုး စရိတ်ချေးငွေ၊ ကြိုတင်ငွေ မပေးဘူးလား။ ပေးလား။”

“ပေးပါတယ်”

ငြိမ်၍ နားထောင်နေသည့် လူထုကြီး တက်ကြွလာအောင် ဘကြီးအောင်က မေးလိုက်ခြင်း ဖြစ်သည်။

“မွေးမြူရေးချေးငွေ၊ ကြိုတင်ငွေရော ပေးတာရှိလား”။

“မရှိပါဘူး” အားလုံးက ဝိုင်း၍ ဖြေလိုက်ကြသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက မွေးမြူရေးချေးငွေ ကြိုတင်ပေးတာ

“အေး ဒါပေမယ့် ကျွန်တော်တို့ လက်ရှိအစိုးရ လက်ထက်မှာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကနေ မွေးမြူရေးချေးငွေ ကြိုတင်ပေးတာရှိတယ်။ အဲဒါပေမယ့် တစ်ခုကွာတာက အရင်အစိုးရတွေ လက်ထက် စိုက်ပျိုးစရိတ်ချေးငွေကို ငွေသားထုတ် ပေးလိုက်တယ်။ အဲဒီလို ငွေသားထုတ်ပေးလိုက်တော့ မြေဩဇာနောက်မှ ဝယ်ပါ၊ ငွေလေးရှိတုန်း ကျုပ်ကိုနားကပ်လေးဝယ်ပေးပါလို့ မိန်းမက ပူဆာတော့ ခင်ဗျားတို့ မျက်နှာလုပ်ချင်တာကြောင့် နားကပ်ဝယ်မပေးဖူးလား၊ ဝယ်ပေးလား။”

“ဝယ်ပေးပါတယ်။”

ဘကြီးအောင် စကားကို တောင်သူ ဦးကြီးများက ဝိုင်းဖြေလိုက်သည်။

“သားလုပ်တဲ့သူက ကျောင်းတက်ဖို့ ဆိုင်ကယ် လေးဝယ်ပေးပါလို့ဆိုတော့ ဝယ်မပေးကြဘူးလား၊ ဝယ်ပေးကြလား။”

“ဝယ်ပေးပါတယ်။”

“အဲဒီတော့ နိုင်ငံတော်က ပေးလိုက်တဲ့ စိုက်ပျိုးစရိတ်ချေးငွေက စပါးအထူးအထွက်တိုးဖို့ မဟုတ်ဘဲ မိန်းမနားကပ်ဝယ်ဖို့နဲ့ သားဆိုင်ကယ်ဝယ်ဖို့ ဖြစ်မသွားဘူးလား၊ ဖြစ်သွားလား။”

“ဖြစ်သွားပါတယ်။”

အားလုံးက တညီတညွတ်တည်း ဝိုင်း၍ဖြေကြသည်။

တောင်သူကြီးတွေ မွေးချင်တဲ့ တိရစ္ဆာန်မျိုးရရှိရေး စီစဉ်ပေး


“အဲဒါကြောင့် ကျွန်တော်တို့ အစိုးရလက်ထက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ စိုက်ပျိုးရေး ချေးငွေပေးတဲ့အခါမှာ ငွေကို တိုက်ရိုက်မပေးဘဲ စပါးစိုက်မယ်၊ မြေပဲစိုက်မယ်ဆိုရင် စိုက်ချင်တဲ့မျိုး၊ မျိုးကောင်းမျိုးသန့်ဝယ်ပေးတယ်။ တောင်သူကြီး တွေ သုံးချင်တဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးဝယ် ပေးတယ်။ အလားတူပဲ မွေးမြူရေးမှာလည်း တောင်သူကြီးတွေ မွေးချင်တဲ့ တိရစ္ဆာန်မျိုး ရရှိရေး စီစဉ်ပေးတယ်။ ကျွေးချင်တဲ့ အစာစပ်စာ၊ ကုမ္ပဏီ အစာမှာပေး၊ ဝယ်ပေးတယ်။ အဲဒီတော့ တောင်သူ ကြီးတွေ ဝင်ငွေတိုးဖို့ စိုက်ဖို့၊ မွေးဖို့ပဲ မလိုဘူးလား။ ကိုယ့်ဘာသာ မျိုးရှာဖို့ မြေဩဇာဝယ်ဖို့ လိုသေးလား။”

“မလိုပါဘူး။”

“အဲဒါအပြင် စိုက်ပျိုးရေးက ထွက်လာတဲ့စပါးတို့၊ မြေပဲတို့၊ နှမ်းတို့၊ နေကြာတို့ကို ပေါက်ဈေးနဲ့ ဝယ်ဖို့ကို ဝယ်လက်ချိတ်ဆက် မပေးဘူးလား၊ ပေးလား။”

“ချိတ်ဆက်ပေးပါတယ်။”

“အဲဒီတော့ ကျွန်တော်တို့ တောင်သူတွေ ပိုပြီးအဆင်ပြေတာပေါ့။ ဒါ့အပြင် ကိုယ်ကြိုယူထားတဲ့ ငွေတန်ဖိုးလောက်ပဲ ချိတ်ဆက်ပေးတဲ့ လူဆီမှာ ရောင်းပြီး ကျန်တဲ့ ထွက်ရှိတဲ့ သီးနှံကို ကိုယ်ရောင်း ချင်တဲ့နေရာမှာ ရောင်းလို့ မရဘူးလား၊ ရလား။”

“ရပါတယ်။”

လက်တွေ့အမှန်တရားဖြစ်နေ၍ တောင်သူဦးကြီးများ အားပါတရဖြေကြသည်။

“ကဲ ဒီတော့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ စိုက်စရိတ်ကြိုတင်ပြီးပေးတဲ့ အစီအစဉ်က ဒီထက် ကောင်းတာရှိပါဦးမလား။”

“မရှိပါဘူး။” အားလုံးက တက်ကြွစွာ ပြန်ဖြေကြသည်။


“မရှိပါဘူး။ မလုပ်နဲ့ ရှိပါသေးတယ်။ ခင်ဗျားတို့ ထမင်းစားရင် ထမင်းချည်းဘဲ စားတာမဟုတ်ဘဲ၊ သား၊ ငါးဟင်းရော မစားဘူးလား၊ စားလား။”

“စားပါတယ်”

“အဲဒီဟင်းရဖို့အတွက် နိုင်ငံ့စီးပွားရန်ပုံငွေကနေ မွေးမြူရေးချေးငွေရော ချေးမပေးဘူးလား။ ချေးပေးနေတယ်။ အဲဒါ လက်ရှိ ကျွန်တော်တို့ အစိုးရရဲ့ စေတနာ၊ နိုင်ငံတော်ရဲ့စေတနာပဲ။ စိုက်ပျိုးရေးလုပ် တယ်။ စပါးစိုက်တယ်၊ ပဲစိုက်တယ်။ စပါးစိုက်တော့ ကောက်ရိုးရတယ်။ ပဲစိုက်တော့ ပဲရိုးရတယ်။ အလားတူ စပါးကိုကြိတ်လိုက်တော့ ဆန်ရပြီး ဆန်ကွဲ၊ ဖွဲနုပါ အပိုရတယ်။ အတူတူပဲ မြေပဲတို့၊ နှမ်းတို့ ကြိတ်လိုက်တော့ ဆီရပြီး ပဲဖတ်၊ နှမ်းဖတ် မရဘူးလား။ အဲဒီတော့ စပါးကနေ ဘေးထွက်ပစ္စည်းဖြစ်တဲ့ ကောက်ရိုးတို့၊ ဆန်ကွဲတို့၊ ဖွဲနုတို့ ရသလို မြေပဲ၊ နှမ်းနဲ့ နေကြာက မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ ရတဲ့အပြင် မြေပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်ရတယ်။ အဲဒီတော့ စိုက်ပျိုးရေးရဲ့ ဘေးထွက်ပစ္စည်းဖြစ်တဲ့ ကောက်ရိုး၊ ဆန်ကွဲ၊ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်နဲ့ နေကြာ ဖတ်တွေက တိရစ္ဆာန်မွေးမြူရေးအတွက် အစာဖတ် ရတယ်။ အဲဒီလိုပဲ နွားမွေးတယ်၊ ကြက်မွေးတယ်၊ ဝက်မွေးတယ်ဆိုရင် နွားနို့၊ ကြက်ဥ၊ ကြက်သားနဲ့ ဝက်သားရတဲ့အပြင်ကို သူတို့က စွန့်ထုတ်တဲ့ နွားချေး၊ ကြက်ချေး၊ ဘဲချေး၊ ဝက်ချေးတွေက စိုက်ပျိုးရေးအတွက် မြေဩဇာမရဘူးလား၊ ရလား။”

သဘာဝမြေဩဇာက မြေရဲ့အရည်အသွေးကို ထာဝရထိန်းသိမ်းပေး


“အဲဒီ နွားချေး၊ ကြက်ချေး၊ ဝက်ချေး၊ ဘဲချေးနဲ့ အမှိုက်ခြောက်တွေနဲ့ရောပြီး သဘာဝမြေဩဇာ လုပ်ပြီး သုံးလို့မရဘူးလား။ အခုလို ဓာတ်မြေဩဇာ ဈေးကြီးနေတဲ့အခါ သဘာဝမြေဩဇာ လုပ်ပြီးသုံးဖို့ လိုတယ်။ ဓာတ်မြေဩဇာက ရေရှည်သုံးရင် မြေကိုကြတ်စေတယ်။ ပျက်စီးစေတယ်။ သဘာဝမြေဩဇာက မြေရဲ့အရည်အသွေးကို ထာဝရထိန်းသိမ်းပေးတယ်။ မြေကို မွစေတယ်။ ဒီတော့ ကျွန်တော်တို့ တောင်သူဦးကြီးတွေ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို တွဲဖက်ပြီးလုပ်သင့်သလား၊ မလုပ်သင့်ဘူးလား။ စဉ်းစားစေချင်တယ်။ လုပ်ကြဖို့ လိုတယ်။”

“ကျွန်တော့်ရဲ့ နိုင်ငံ့ဝန်ထမ်းတစ်လျှောက် ရတဲ့နေရာမှာ ရသလို စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်တယ်။ အခုလက်ရှိ ကျွန်တော့်အိမ်မှာ သိုး ကိုးကောင်၊ ဘဲငန်း ၁ဝ ကောင်၊ ကြက်ဆင် ၁ဝ ကောင်၊ ဒေသ ကြက်အကောင် ၆ဝ နှင့် ဘဲ ၁၅ ကောင်မွေးထားတယ်။ ဒေသကြက်က စပြီးမွေးတုန်းက ကြက်ဖတစ်ကောင်နှင့် ကြက်မ ငါးကောင်ပဲ။ အဲဒီက ပွားလာတာ အကောင်တစ်ရာကျော်သွားလို့ အိမ်လာပြီး လည်တဲ့လူတွေ မွေးချင်ရင် ပေးလိုက်တယ်။ သိုးကလည်း သုံးကောင်နဲ့ စပြီးမွေးတာ။ သုံးနှစ်ကြာတော့ ကိုးကောင်ဖြစ်လာတာ။ ဘဲက တစ်နေ့ ကိုးလုံး၊ ၁ဝ လုံး ဥတယ်။ အိမ်နီးချင်းတွေ ဝေပေးတော့ သူတို့လည်း ကျေးဇူးတင်တာပေါ့။ အိမ်က စားချင်ရင်လည်း ဈေးသွား စရာမလိုဘူး။ အိမ်ရှေ့မှာလည်း ချဉ်ပေါင်ပင်၊ ငရုတ်ပင်၊ ရုံးပတီပင်စိုက်ထားတယ်။ သရက်ပင်၊ သံပရာပင်၊ ပိန္နဲပင်၊ ရှောက်ပင်၊ နှင်းသီး ပင်တွေလည်းရှိတယ်။ ကောက်ရိုးမှိုလည်း စိုက်ထားတယ်။ ကျွန်တော့်အိမ်လာပြီးလည်တဲ့ လူတွေက “ဒီအိမ်ကတော့ ပဒေသာပင်ပေါက်နေသလား” ထင်ရတယ်လို့တောင် ပြောတယ်။ အဲဒီတော့ တောင်သူ ဦးကြီးများလည်း အိမ်တိုင်း၊ အိမ်တိုင်း ပဒေပင်ပေါက်အောင် လုပ်ကြဖို့လိုတယ်။”

“ကဲ ဒီတော့ ကျွန်တော့်အကြောင်းပြောတာ များသွားပြီ။ အခု ကျွန်တော်တို့ ရောက်နေတာ ခင်ဗျားတို့မြို့၊ ခင်ဗျားတို့ ရပ်ကွက်။ ခင်ဗျားတို့ ရပ်ကွက်သား ကိုတင်ထွန်းအောင်က သူ့အိမ်မှာ ဘာတွေလုပ်ထားတယ်။ သူ့မှာဘယ်လောက်အကျိုး ရှိတယ်ဆိုတာကို ပြောပြလိမ့်မယ်။ ကဲ ကိုတင်ထွန်း အောင်ရေ ခင်ဗျား စိုက်ထား၊ မွေးထား၊ လုပ်ထားတာ လေးတွေ ပြောပြပေးပါဦး။”

ကျွန်တော်က ပေါင်းစည်းလယ်ယာပိုင်ရှင် ကိုတင်ထွန်းအောင်ကို အလှည့်ပေးလိုက်သည်။ 

“အားလုံးသိတဲ့အတိုင်း ကျွန်တော်ဒီမြို့သား၊ ဒီရပ်ကွက်သားပါ။ ကျွန်တော့် ဒီခြံက ၀ ဒသမ ၇၅ ဧက ကျယ်ပါတယ်။ ထိုင်းနှံကောက်မျိုးစပါးထုတ် စိုက်ခင်းလုပ်ထားတဲ့ ကျွန်တော့်လယ်က ၁၈ ဧက ရှိပါတယ်။ ဒီလယ်လုပ်ငန်းက ကျွန်တော့်အဖေက လွန်ခဲ့တဲ့နှစ် ၅၀ လောက်ကစပြီး လုပ်ခဲ့တာပါ။ ကျွန်တော်လုပ်တာတော့နှစ် ၂၀ လောက်ရှိပါပြီ။ 

“ပထမတော့ လယ်လုပ်တော့ ခိုင်းနွားမွေးခဲ့ပါတယ်။ နောက်ပိုင်း နို့စားနွားမွေး။ ဝင်ငွေ ဖြစ်တော့ နို့စားကျွဲပါမွေးဖြစ်ပါတယ်။ ကွင်းထဲဖြစ်နေတာကြောင့် လက်ရှိ ဘဲလည်း အကောင် ၂၅၀ မွေးထားပါတယ်။ တစ်ရက်ကို ဘဲဥ ၂၀၀ လောက် ရပါတယ်။ နွားနို့၊ ကျွဲနို့ကတော့ တစ်ရက်ပိဿာ ၃၀ လောက်ရ ပါတယ်။ စမွေးတုန်းက နွားရော ကျွဲပါ (၄၊ ၅၊ ၆)ကောင်ပါ။ နောက်ပိုင်း မေထုန်မဲ့သားစပ်လို့ ပွားလာ တာကြောင့် လက်ရှိနို့စားနွား ၁၄ ကောင်နဲ့ ကျွဲ ခြောက်ကောင် ရှိပါတယ်။ ဒါတောင်နှစ်စဉ် နွားထီး ကလေးတွေ (၃၊ ၄) ကောင် ရောင်းထုတ်ပါတယ်။ စီးပွားရေးလေးအဆင်ပြေတော့ ဆန်စက်ကလေး ထောင်ပါတယ်။ ကိုယ့်စပါးကြိတ်ရင်း သူများစပါးတွေပါ ကြိတ်ပေးပါတယ်။ 

“ဆန်လာကြိတ်တဲ့သူတချို့က ကြိတ်ခအစား ဆန်ကွဲ၊ ဖွဲနုပေးတော့ အဲဒါနွားစာ၊ ဘဲစာသုံး ရပါတယ်။ ကျွန်တော့် ဆန်စက်က စပါးခွံ၊ ဖွဲကြမ်းနှင့် ဖွဲပြာရပါတယ်။ ကျွဲနဲ့ နွားက ကျွဲချေး၊ နွားချေးရတယ်။ ဘဲမွေးမြူရေးကလည်း ဘဲချေးရတော့ စိုက်ပျိုးရေးဦးစီးဌာနက ဆရာမတွေ အကူအညီပေး လို့ သဘာဝသစ်ရွက်ဆွေး မြေဩဇာလုပ်ပါတယ်။ ပေ ၂၀၊ ခြောက်ပေ သစ်ရွက်ဆွေး အပုံ ၅၀ ကျွန်တော် စပါးခင်းထဲထည့်ပြီးပါပြီ။ နှစ်စဉ်လည်း ထည့်ပေးတာကြောင့် ဓာတ်မြေဩဇာ နည်းနည်းပဲဝယ်ရပါတယ်။ အတော်လေး တွက်ခြေကိုက်ပါတယ်။ စပါးလည်း အထွက်ကောင်းပါတယ်။”

တောင်သူတွေရဲ့ အဓိက အားကိုးရာ ဝန်ကြီးဌာနဖြစ်


“အခု ထိုင်းနှံကောက် မျိုးစေ့ထုတ်စိုက်ခင်းက လည်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ဆရာမ တွေလာပြီး ပြပေးပါတယ်။ မျိုးရွေးချယ်၊ စိုက်တာ၊ မျိုးကွဲပယ်တာကအစ စိုက်ပျိုးရေးသုတေသနက လာပြီးပြသပေးတာကြောင့် အတော်လေးကို အဆင်ပြေပါတယ်။ ဒီဆရာတို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကတော့ ကျွန်တော်တို့တောင်သူတွေရဲ့ အဓိက အားကိုးရာ ဖြစ်ပါတယ်။ ဆရာတို့ ရှေ့မို့လို့ ဒီလိုပြောတာ မဟုတ်ပါဘူး။ စက်မှုလယ်ယာဦးစီးဌာနက ထွန်တာ၊ ယက်တာ၊ မျိုးစေ့ချတာကအစ ရိတ်သိမ်းခြွေလှေ့တဲ့အထိ အကူအညီပေးသလို စိုက်ပျိုးရေးဦးစီးဌာနနဲ့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက မျိုးရွေးချယ်တာ၊ မျိုးကွဲပယ်တာ၊ စိုက်တာ၊ ပျိုးတာ၊ ပေါင်းလိုက် တာအဆုံး ကူညီပါတယ်။ ဆည်မြောင်းဦးစီးဌာနကလည်း ရေလိုရင် ရေပေးသလို၊ မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနကလည်း ကြက်၊ ဝက်၊ ဘဲ၊ ကျွဲ၊ နွား၊ ရောဂါကာကွယ်ဆေးထိုးပေးတာကအစ မေထုန်မဲ့ သားစပ်တာ၊ ရောဂါတစ်ခုခုဖြစ်ရင် ကုသတာအဆုံး ကူညီပေးနေပါတယ်။”

“ဒီအတွက်ကြောင့် ကျွန်တော်တို့ ရွာသားတွေ စိုက်ပျိုးရေးအလုပ်တစ်လုပ်တည်းလုပ်ရင် ဝင်ငွေ တစ်မျိုးသာရမှာဖြစ်ပါတယ်။ ကျွန်တော့်လို စိုက်ပျိုး ရေးရော၊ မွေးမြူရေးနဲ့ အသေးစားစက်မှုလုပ်ငန်း (MSME)ပါ တွဲပြီးလုပ်ရင် ကျွန်တော့်လို ဝင်ငွေရမှာ ဖြစ်ပါတယ်။ စောစောက ဒီက အဘပြောသွားသလို နိုင်ငံတော်က ကျွန်တော်တို့ တောင်သူလယ်သမား တွေအတွက် မြစိမ်းရောင် စီမံကိန်းရော နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေပါ ချပေးနေတဲ့အချိန်မှာ ကျွန်တော်တို့ဝင်ငွေတိုးရဖို့ ကျွန်တော်တို့ကိုယ်တိုင်က ကြိုးစားကြဖို့၊ အလုပ်လုပ်ကြဖို့ ပြောချင်ပါတယ်။”

ကိုတင်ထွန်းအောင်၏ စကားများက သူကိုယ်တွေ့ ခံစားချက် ရင်တွင်းစကားများဖြစ်သည်။ သူတို့ရွာသားပြောသည့်စကားက သူတို့တောင်သူ လယ်သမားတွေ တိုးတက်ကြီးပွားရာ ကြီးပွားကြောင်းဖြစ်သည့်အတွက် သူ့စကားအဆုံးတွင် တက်ရောက်လာသည့် သူတို့ရွာသားများ၏ လက်ခုပ်သံကား မစဲနိုင်အောင်ရှိပါသည်။

ဘကြီးအောင်ပင်လျှင် မိမိပြောချင်နေသည့် စကားများကိုပြောသွားသည့် ကိုတင်ထွန်းအောင် အတွက် ဝမ်းသာအားရလက်ခုပ်တီးနေမိသည်။ ။