၁၃ မေ

 

၂၀၁၈ ခုနှစ် မေလ ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည့် (၄၅) ကြိမ်မြောက် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး၌ အပိုဒ် ၄၀ ပါ ဒါကာကြေညာချက်ဟူသော ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ ဤဒါကာကြေညာချက်၌ အပိုဒ် ၁၄ မှ ၁၇ အထိ ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် ရည်ညွှန်းဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

 

ဒါကာကြေညာချက်ပါ ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် ရည်ညွှန်းဖော်ပြမှုများကို ဝေဖန်သုံးသပ်ရမည်ဆိုပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရမည်ဟူသော သဘောတရားကို လုံးဝညွှန်းဆိုထားခြင်း မရှိခြင်းသည် သိသာစွာ ပေါ်လွင်ထင်ရှားနေပါသည်။ ရခိုင်ပြည်နယ် အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရာ၌ မြန်မာနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ ပူးပေါင်းဆောင်ရွက်မှု မရှိပါက အောင်မြင်နိုင်ခြေ လုံးဝမရှိသည်မှာ ရှင်းလင်းပြောဆိုရန် မလိုသောကိစ္စရပ် ဖြစ်ပါသည်။ သို့ဖြစ်ပါလျက် (၄၅) ကြိမ်မြောက် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ကြေညာချက်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးအပေါ် လုံးဝလျစ်လျူရှုခဲ့ခြင်းသည် ပြဿနာဖြေရှင်းရေး၏ အခြေခံမူ တစ်ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်း ဖြစ်ပါသည်။ ဒါကာကြေညာချက်၏ အပိုဒ် ၈ ၌ အစ္စလာမ္မစ် အဖွဲ့ဝင်နိုင်ငံတို့၏ လုံခြုံရေး၊ အချုပ်အခြာအာဏာပိုင်မှု၊ လွတ်လပ်ရေးနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးတို့အပေါ် အလေးအနက်ထား ထောက်ခံထားပြီး ပဋိပက္ခဖြေရှင်းရာ၌ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းပြီး ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ရန် ကတိကဝတ် ပြုထားပါသည်။ သို့သော် (၄၅) ကြိမ်မြောက် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ရခိုင်ပြည်နယ် အရေးအပေါ်ချဉ်းကပ်ရာ၌ ၎င်းတို့၏ ကြေညာချက်အပိုဒ် ၈ ပါ သဘောတရားအားလုံးကို မျက်ကွယ်ပြု လျစ်လျူရှုထားပါသည်။

 

ဒါကာကြေညာချက်၏ အပိုဒ် ၁၄ မှ ၁၇ အထိ ရခိုင်ပြည်နယ် အရေးအပေါ် ရည်ညွှန်းဖော်ပြရာ၌ ARSA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်ကို တစ်လုံးတစ်ပါဒမျှ ရည်ညွှန်းဖော်ပြခဲ့ခြင်း မရှိပါ။ သို့သော် ဒါကာကြေညာချက်၏ အပိုဒ် ၂၀ ၌ ကမ္ဘာတစ်လွှား အကြမ်းဖက် တိုက်ခိုက်မှုများအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချဝေဖန်ထားပါသည်။ ငြင်းကွယ်မရသော ပကတိအမှန်တရားမှာ လက်ရှိ ရခိုင်ပြည်နယ်ပြဿနာသည် ARSA  အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ဒါကာကြေညာချက်၏ အပိုဒ် ၁၉ ၌ အာဖဂန်နစ္စတန်အရေးကို ဖော်ပြရာတွင် “အာဖဂန်လူမျိုးများကိုယ်တိုင် ပါဝင်သော အင်အားစုအားလုံးပါဝင်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး” ဆိုသည်ကို မီးမောင်းထိုး တင်ပြထားပါသည်။ ဒါကာကြေညာချက်က ရခိုင်ပြည်နယ် အရေးကို ဖော်ပြရာ၌ မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ အခန်းကဏ္ဍကို အဘယ်ကြောင့် လုံးဝရည်ညွှန်းခြင်း မပြုရပါသနည်း။ ဒါကာကြေညာချက်က ရခိုင်ပြည်နယ်အတွင်းရှိ မတူကွဲပြားသော လူ့အသိုင်းအဝိုင်း နှစ်ရပ်ကြား ပြန်လည်သင့်မြတ်ရေး လိုအပ်ချက်အပေါ် အဘယ်ကြောင့် လုံးဝလျစ်လျူရှုရပါသနည်း။ ဒါကာကြေညာချက်က ရခိုင်ပြည်နယ်အရေးကိစ္စ ကိုင်တွယ်ရာ၌ မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ အခန်းကဏ္ဍကို လုံးဝလျစ်လျူရှုလျက် ဖိအားပေး အကျပ်ကိုင်ရန် ကြိုးပမ်းခြင်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးခြင်း ဖြစ်ပါသည်။ တိကျသော စကားဆိုရပါသော် ရခိုင်ပြည်နယ်အရေးအပေါ် ဒါကာကြေညာချက်၏ ရပ်တည်ချက်သည် ၎င်းဒါကာကြေညာချက်ပါ နိုင်ငံတကာဆက်ဆံရေး အခြေခံမူများ၏ အနှစ်သာရကို ၎င်းတို့ကိုယ်တိုင် နင်းခြေလိုက်ခြင်းသာ ဖြစ်ပါသည်။ ဤသည်မှာ မျက်တောင်မွေး တဆုံးမျှသာကြည့်သော ချဉ်းကပ်ပုံ ဖြစ်ပါသည်။ ဖြစ်သင့်ဖြစ်ထိုက်သည်မှာ ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ဦးတည်လျက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ရေရှည်တည်တံ့ခိုင်မြဲသည့် ပူးပေါင်းဆောင်ရွက်မှု ပုံဖော်ခြင်းသာ ဖြစ်ပါကြောင်း လေးနက်စွာ တင်ပြအပ်ပါသည်။   ။

 

(ကြေးမုံ)