နေပြည်တော် ဒီဇင်ဘာ ၁၇

 

“အမျိုးသမီးထုကြံ့ခိုင်မှုဖြင့် ကမ္ဘာ့အဆင့်မီတက်လှမ်းမည်" ဟူသောဆောင်ပုဒ်နှင့်အညီ ဒက္ခိဏခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဒက္ခိဏခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နည်းပြဆရာများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒက္ခိဏခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်က ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) သင်တန်းဆင်းပွဲလက်မှတ်များကို ပေးအပ်ရာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ လက်ခံရယူသည်။

 

ထို့နောက် ဒက္ခိဏခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရီရီလွင်က ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ သင်တန်းနည်းပြ ဆရာမများဖြစ်ကြသည့် ဒေါ်မိုးသီတာကိုနှင့် ဒေါ်အင်ကြင်းဖူးတို့က အသီးသီးလက်ခံရယူကြသည်။

 

ယင်းနောက် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)သင်တန်း သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြေကြားသည်။

 

ထို့နောက် သင်တန်းသူ ငါးဦးက သင်ခန်းစာပြန်လည်ဆန်းစစ် သရုပ်ပြခြင်းကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် ၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း သမီးငယ်လေးများနှင့် နည်းပြများက Physical Fitness Dance အကနှင့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) အဆင်မြင့်အကများဖြင့် လည်းကောင်း သရုပ်ဖော်ကပြ ဖျော်ဖြေကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး က နည်းပြဆရာအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ်(၁)သိန်း ချီးမြှင့်ရာ ဒက္ခိဏခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရီရီလွင် ကလည်းကောင်း၊ နည်းပြဆရာ(၂)ဦးအတွက် တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ် ငါးသောင်းနှုန်းကိုချီးမြှင့်ရာ သင်တန်းနည်းပြဆရာမများ ဖြစ်ကြသည့် ဒေါ်မိုးသီတာကိုနှင့် ဒေါ်အင်ကြင်းဖူးတို့က အသီးသီးလက်ခံရယူကြသည်။

 

အဆိုပါ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၅၀)ဦးတက် ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၈ ရက်မှ ၁၇ ရက်နေ့အထိ (၁၀)ရက်ကြာ သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)