နေပြည်တော် ဧပြီ ၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁ ရက် နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏခရိုင်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေး သည်။

အဆိုပါ စာစစ်ဌာနများသို့ လှည့်လည်ကြည့်ရှု အားပေးရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက စာစစ်ဌာနများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်လင်းတင်ပြကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်ဝန်းဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

နေပြည်တော်ရှိ စာစစ်ဌာန ၅၂ ခုတွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းကြသူ စုစုပေါင်း ၁၇၂၂၈ ဦးရှိပြီး အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၆၀၉၅ ဦး ဝင်ရောက်ဖြေဆိုကြကာ ရာခိုင်နှုန်းအားဖြင့် ၉၃ ဒသမ ၄၂ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)