နေပြည်တော် ၂၇ ဧပြီ
နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် ကျေးရွာများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ဗီနိုင်း၊ ပိုစတာများ ချိတ်ဆွဲအသိပညာပေးခြင်းများ ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ဝေထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ၊ ဗီနိုင်းနှင့် ပိုစတာများကို လမ်းပျဉ်းမနားဈေး၊ ဆိုင်ကယ်ကယ်ရီဂိတ်နှင့် ဆိုက်ကားဂိတ်များ၊ မဲဒီးကျေးရွာနှင့် ညောင်ကုန်းကျေးရွာအတွင်းရှိ လူစည်ကားရာနေရာများနှင့် ဈေးဆိုင်များတွင် ချိတ်ဆွဲပြသ၍ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ လူစည်ကားသည့်ဈေးများနှင့် ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဗီနိုင်းနှင့် ပိုစတာများ ဖြန့်ဝေ၍ အသိပညာပေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)


