ဒက္ခိဏသီရိမြို့နယ်ရှိ ကျေးရွာလေးရွာ၌ ရေရရှိရေးလုပ်ငန်းများပြီးစီး

ဒက္ခိဏသီရိ မတ် ၂၁

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ထန်းတပင်ကျေးရွာ၊ ကျေးစာဥကျေးရွာ၊ ဆည်စုကျေးရွာနှင့် ကျားကူးအရှေ့ကျေးရွာတို့တွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးတင်မောင်အေး၊ လယ်ဝေးခရိုင်ဦးစီးမှူး ဦးမျိုးတင့်၊ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့နိုင်နှင့် တာဝန်ရှိသူများသည် ကျေးစာဥကျေးရွာနှင့် ဆည်စုကျေးရွာတို့တွင် အနက်ပေ ၄၀၀ ရှိ တွင်းနက်တူးဖော်ခြင်းလုပ်ငန်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း၊ အိမ်သွယ်‌ရေတိုင်လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ထန်းတပင်ကျေးရွာနှင့် ကျားကူးအရှေ့ကျေးရွာတို့တွင် အနက်ပေ ၄၀၀ ရှိ တွင်းနက်တူးဖော်ခြင်းလုပ်ငန်း၊ အိမ်သွယ်‌ရေတိုင် တပ်ဆင်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးက အဆိုပါကျေးရွာ လေးရွာရှိ ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့သည်။

 

ထန်းတပင်ကျေးရွာ၊ ကျေးစာဥကျေးရွာ၊ ဆည်စုကျေးရွာနှင့် ကျားကူးအရှေ့ကျေးရွာတို့တွင် အဆိုပါရေရရှိရေးလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် နေပြည်တော်ကောင်စီရန်ပုံငွေ စုစုပေါင်း ငွေကျပ် ၁၁၇ ဒသမ ၃၁ သန်းကိုအသုံးပြုကာ တင်ဒါအောင်မြင်သည့် သက်တန့်ဖြူစင်ကုမ္ပဏီ၊ ဟိန်းမင်းထွဠ်ကုမ္ပဏီနှင့် ဟိန်းဝေစံကုမ္ပဏီတို့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ စတုတ္တအပတ်က စတင်ကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနူန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်သောကြောင့် အဆိုပါကျေးရွာလေးရွာရှိ အကျိုးပြုအိမ်ခြေ (၁၀၉၆)အိမ်၊ လူဦးရေ (၄၄၅၉)ဦးတို့အတွက် နွေရာသီရေရှားပါးမှု ပြဿနာများ ပြေလည်၍ သန့်ရှင်းသောသောက်သုံးရေများ ရာသီမရွေးရရှိနေပြီဖြစ်ကြောင်း ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့နိုင်ထံမှ သိရသည်။

 

မောင်ခိုင်