ဒက္ခိဏသီရိ စက်တင်ဘာ ၂၀
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် ၅၅ နှစ်နှင့်အထက် အသက်ကြီးသူများ၊ လူအများနှင့် ထိတွေ့ဆက်ဆံနေရသည့်ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစတင်၍ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်မှ ဆေးအဖွဲ့များက ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ နာတာရှည် ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် ၅၅ နှစ်နှင့်အထက် အသက်ကြီးသူများ၊ လူအများနှင့် ထိတွေ့ဆက်ဆံနေရသည့်ဝန်ထမ်းများ စုစုပေါင်း လူဦးရေ (၄၀၀)ဦးခန့်ကို ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ကျန်းမာရေးဌာနဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)