ရန်ကုန် ဒီဇင်ဘာ ၂၀

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဒလ-ဓနုတ် ကားလမ်ကြီးရှိ ကွန်ကရစ်လမ်းပိုင်း ၆ ဖာလုံကို လမ်း အကျယ် ၂၄ ပေအထိ အဆင့်မြှင့်တင် တိုးချဲ့ခင်းခြင်းလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဒလမြို့နယ် နာရီစင်ကားလမ်း မြို့အဝင်ဆိုင်းဘုတ်မှ စတင်၍ ဒလ-ဓနုတ် ကွန်ကရစ်ကားလမ်းမကြီး လမ်းအပိုင်ရှိ ၆ ဖာလုံအား ကွန်ကရစ်လမ်း အကျယ် ၂၄ ပေအထိ ခင်းကျင်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလမ်းပိုင်အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အရှည် ၁၃ မိုင် ၅ ဖာလုံအထိ လမ်းအကျယ် ၁၈ ပေ ခင်းကျင်းဆောင်ရွက်ထားကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်းအကျယ် ၂၄ ပေအထိ အဆင့်မြှင့်တင်တိုးချဲ့၍ ခင်းခြင်းဖြစ်ပြီး၊ နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုငွေဖြင့် ဒလ-ဓနုတ် ကားလမ်းမကြီးကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။     

 

အဆိုပါ လမ်းအပိုင်းသည် ဒလ- သခွပ်- လက်ခုပ်ကုန်း- ကညင်းကုန်းအထိ အရှည် ၃၆ မိုင်ခန့်ရှိပြီး သက်ဆိုင်ရာ လမ်းပိုင်းအလိုက် လမ်းဦးစီးဌာနမှ ကွန်ကရစ်လမ်းခင်းခြင်းကို အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်လျက်ရှိသလို၊ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ) တံတားကြီး၏ ခြေဆင်းလမ်းမကြီး တစ်လျှောက်ရှိသည့် ဒလ-ဓနုတ် အဝေးပြေး ကားလမ်းမကြီးတစ်ခုအဖြစ် မြင်တွေ့လာရမည် ဖြစ်ပေသည်။

 

“ကျွန်တော်တို့ ဒီ ဒလ-ဓနုတ် ကားလမ်းမက ကုန်စည်စီးဆင်းမှုနဲ့ မော်တော်ယာဉ်သွားလာမှုများတယ်၊ ဒီလမ်းမကြီး ဝဲယာတစ်လျှောက်မှာလည်း လယ်ယာထွက်ကုန်တွေရှိတယ်၊ နောက်တစ်ခုက ဒလ-ဓနုတ် ကားလမ်းကနေတစ်ဆင့် ကော့မှူးနဲ့ ကွမ်းခြံကုန်းမြို့အပြင် ဧရာဝတီတိုင်းဒေသကြီးအထိ သွားလာနိုင်တဲ့ လမ်းမကြီးလည်းဖြစ်တယ်၊ ဒီလမ်းအပိုင်းက နည်းနည်းကျဉ်းတယ်၊ ခု ဒီလမ်းမကို ထပ်ပြီး တိုးချဲ့လာတဲ့အတွက် ယခင်ကထက် ပိုပြီး သွားလာရတာ  မြန်ဆန်လာမှာ၊ ဟိုဘက် ဒလနဲ့ တွံတေး ကားလမ်းမကြီးကလည်း ပထမက ခင်းထားတဲ့ ကတ္တရာလမ်းကို  ကွန်ကရစ်လမ်းအဖြစ် ပြန်ခင်းထားတာ တော်တော်ကောင်းတယ်၊ ၁ နာရီလောက် မောင်းရမယ့် ခရီးက နာရီဝက်လောက်ပဲ မောင်းရလို့ ကားလမ်းကြောင်းက အရင်ကထက် ပိုပြီးတော့ အဆင်ပြေတယ်” ဟု ဒလ-ကော့မှူး အငှားတက္ကစီး ယာဉ်မောင်းသူတစ်ဦးက ဆိုသည်။ 

 

ထို့အတူ ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့သို့ ဆက်သွယ်တည်ဆောက်ထားသော သခွပ်မြစ်ကူးတံတားကြီး တည်ဆောက်ပြီးစီးလျက်ရှိပြီး ဒလ-ဓနုတ်ကားလမ်းမကြီး အဆင့်မြှင့်တင်တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ယခင်ကထက် ဒလ-ဓနုတ်၊ လက်ခုပ်ကုန်း၊ ကညင်းကုန်း လမ်းပိုင်းရှိ ကော့မှူးမြို့နယ်၊  ကွမ်းခြံကုန်းမြို့နယ်များသို့ ရာသီမရွေး ချိတ်ဆက်သွားလာနိုင်ကာ ဒေသထွက် ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်လာမည်ဖြစ်သလို လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်‌ပေသည်။

 

သတင်းနှင့်ဓာတ်ပုံ- သုတ