ဒလ ၃   ဖေဖော်ဝါရီ

 

ဒလမြို့နှင့် ရန်ကုန် ပန်းဆိုးတန်း လက်မှတ်ရုံတို့တွင် ထားရှိပေးထားသည့် ဝှီးချဲများအား သက်ကြီးရွယ်အိုများ လမ်းမလျှောက်နိုင်သည့် လူနာများအခမဲ့ ယူဆောင်အသုံးပြုနိုင်ကြောင်း သိရသည်။

 

ဒလ ပန်းဆိုးတန်း ကူးတို့သင်္ဘောချယ်ရီဖြင့် ခရီးသွားလာကြသူများအနက်မှ လမ်းမလျှောက်နိုင်သူ ခရီးသွားများအတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ဒလလက်မှတ်ရုံနှင့် ပန်းဆိုးတန်း လက်မှတ်ရုံတို့တွင် ဝှီးချဲငါးခုစီ ထားပေးထားကြောင်းလည်း သိရသည်။

 

ယခင်ကလည်း ဒလလက်မှတ်ရုံတွင် ဝှီးချဲများအား အလှူရှင်အချို့က လှူဒါန်းထားရှိပေးခဲ့ဖူးကြောင်း ယူဆောင်အသုံးပြုသူအချို့၏ စည်းကမ်းမဲ့မူများကြောင့် ပျောက်ဆုံး/ပျက်စီးမှုများ ရှိခဲ့ကြောင်း၊ ယခုလက်မှတ်ရုံနှစ်ခုတွင် ထားရှိပေးထားသည့် ဝှီးချဲများမှာ ကိုရီးယားနိုင်ငံထုတ်များဟု သိရပြီး ရေရှည်အသုံးပြုနိုင်ရေးအတွက် စနစ်တကျ စီမံထားရှိထားကြောင်းလည်း သိရသည်။

 

လက်မှတ်ရုံများတွင် ထားရှိထားသည့် ဝှီးချဲများအား အသုံးပြုလိုသူများအနေဖြင့် ယူဆောင်သူ၏အမည် နေရပ် ၊ ဖုန်းနံပါတ်အား စာရင်းရေးသွင်းမှတ်သားကာ အခမဲ့ ယူဆောင်အသုံးပြုနိုင်ကြောင်း သိရသည်။

 

လက်မှတ်ရုံမှ တာဝန်ရှိသူများ အနေဖြင့်လည်း ဝှီးချဲအားအသုံးပြုရန် ယူဆောင်သွားပါက ဆိပ်ကမ်း တာဝန်ရှိသူချင်း ချိတ်ဆက်ကာ ယူဆောင်အသုံးပြုသည့် ဝှီးချဲများပျောက်ဆုံးမှု မဖြစ်ပေါ်စေရေး စီမံထားရှိထားကြောင်း သိရသည်။ ဝှီးချဲအား ယူဆောင်အသုံးပြုသူများ အနေဖြင့်လူနာ (သိုမဟုတ်) လမ်းမလျှောက်နိုင်သူအား ဆေးရုံကား/အငှားကား ပေါ်တင်ပြီးသည်နှင့် ဝှီးချဲအားလက်မှတ်ရုံ အနီးတွင်ပြန်လည် ထားရှိပေးခြင်း(သို့မဟုတ်) ယူဆောင်ခဲ့သည့် လက်မှတ်ရုံသို့ပြန်လည် ပို့ဆောင်ပေးခြင်း၊ (သို့မဟုတ်) ဖုန်းဆက်ကာမည်သည့်နေရာ (လက်မှတ်ရုံအနီးနား) တွင် ထားရှိထားကြောင်း အားအသိပေးခြင်းဖြင့် ကူညီစေလိုကြောင်း သိရသည်။

မောင်ယဉ်ဦး(ဒလ)