ရန်ကုန်   ၅   ဇွန်

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့လယ်ကောင်ရှိ နာရီစင်ကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြန်လည်ပြင်ဆင်မွမ်းမံခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ဇွန်လ ၄ ရက်နေ့  မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်း၌  ပြုလုပ်ခဲ့သည်။

 

“ဒလတံတားစီမံကိန်းတည်ဆောက်မှုပြီးစီးတဲ့ နောက်ပိုင်းမှာ ဒလမြို့သစ်စီမံကိန်းနှင့်အတူ မြို့အခြေအနေ ပေါ်မူတည်ပြီး  လိုက်လျောညီထွေစွာနဲ့   လိုအပ်လှျင် ထပ်မံတည်ဆောက်ခြင်းနှင့် မလိုအပ်ရင်လည်း ပြန်လည် ပြင်ဆင်မွမ်းမံသွားမှာဖြစ်ပါတယ်၊  နာရီစင်ကို စီမံကိန်းအခြေအနေကြောင့် ရွှေ့ပေးမှဖြစ်မယ်ဆိုလည်း ရွှေ့ပေးရမှာ ဖြစ်တယ်၊ ခုချိန်မှာတော့ နာရီစင်ကို ဒစ်ဂျစ်တယ်စနစ်နဲ့ ပြန်လည်ပြင်ဆင်ပေးဖို့အတွက် GS E&C မြန်မာ ဒလတံတားစီမံကိန်းမှ  မေတ္တာဖြင့် လှူဒါန်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး က ပြောကြားခဲ့သည်။

 

ဒလမြို့လယ်ကောင် နာရီစင်ကြီး ပြန်လည်ပြင်ဆင်မှုအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေးမှ  GS E&C Myanmar သို့ ဆက်သွယ်အကြောင်းကြားမှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှတစ်ဆင့် နာရီစင်ပြုပြင်မွမ်းမံခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး  ဒလတံတားစီမံကိန်းမှ စီမံကိန်းမန်နေဂျာ ယွန်ဟိုချို၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ရန်ကုန်-ဒလ) တံတားတည်ဆောက်ရေး စီမံကိန်းဧရိယာနှင့် တစ်ဆက်တည်းရှိသော မြို့လယ်ခေါင်နာရီစင်ကို လက်ရှိအချိန်ထိ ယခင်ပုံစံအတိုင်း ပြောင်းရွှေ့ခြင်းမပြုလုပ်ဘဲ ဆက်လက်ထားရှိပြီး နာရီအိမ်ကို ဒစ်ဂျစ်တယ်နာရီအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အဆိုပါနာရီစင်သည် အချိန် မှန်ကန်မှုမရှိဘဲ ရပ်တန့်နေခဲ့သည်မှာ ဆယ်စုနှစ်ကာလကြာမြင့်ခဲ့ပြီးဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)