ရန်ကုန် မတ် ၂၂
ဒလမြို့မှ ရန်ကုန်မြို့သို့ သွားလာကြသည့် ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရန်အတွက် ဒလမြို့မှ ရန်ကုန်မြို့သို့ ခရီးသည်ပို့ဆောင်ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်များမှ ဒလမြို့၏ ခရီးစဉ်လမ်းကြောင်းများအား တိုးချဲ့ပြေးဆွဲပေးလျက် ရှိသည်။
ယခင်က YBS ယာဉ်များအား စမ်းသပ်ပြေးဆွဲမှုအဖြစ် ဒလမြို့ (အမှတ် ၄) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ယာယီဂိတ်ထိုး၍ ဒလ-ဆူးလေနှင့် ဒလ-ဗိုလ်တထောင် ခရီးစဉ်များအား ပြေးဆွဲပေးရာ ဒလမြို့နေပြည်သူများ သွားလာမှုအဆင်ပြေကြောင်း၊ တိုးချဲ့ခရီးစဉ် လမ်းကြောင်းအဖြစ် ဒလ-တွံတေး ကားလမ်းမဘေး (ကျန်စစ်သားရပ်ကွက်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံအနီး)၊ ရတနာ စက်သုံးဆီ အရောင်းဆိုင်၏ မျက်နှာချင်းဆိုင်တွင် ဒလ-ဆူးလေ ခရီးစဉ်၊ ဒလ- ဓနုတ်ကားလမ်း ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးတွင် ဒလ-ဆူးလေ ခရီးစဉ်နှင့် ရဲချောင်းဝကျေးရွာတွင် ဒလ-ဗိုလ်တထောင် ခရီးစဉ်များအဖြစ် တိုးချဲ့ဂိတ်ထိုး ခရီးသည် ပို့ဆောင်ပြေးဆွဲပေးလျက်ရှိရာ ခရီးသွားပြည်သူများ လွန်စွာအဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်မတို့ရွာထိပ်မှာ YBS ကားက ဂိတ်ထိုးပြီး ဒလ-ဗိုလ်တထောင် ခရီးစဉ်ပြေးဆွဲပေးတော့ အဆင်ပြေတယ်။ ဖြစ်နိုင်ရင် ပျော်ဘွယ်ကြီးကျေးရွာ ဒါမှမဟုတ် ဓနုတ်ဘုရားမှာ ဂိတ်ထိုးရင် အဲဒီကရွာသူ ရွာသားတွေလည်း အဆင်ပြေတယ်၊ အဲဒီလိုလုပ်ပေးစေချင်တယ်” ဟု ရဲချောင်းဝကျေးရွာမှ ဒေါ်တင်မိမိခိုင်က ပြောသည်။
ဒလ-ဆူးလေ ခရီးစဉ်အား ယခင်နေရာမှတိုးချဲ့၍ ဒလ-ဓနုတ် ကားလမ်းမဘေး ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး၌ ဂိတ်ထိုးရပ်နား ပြေးဆွဲခြင်းကလည်း ပြည်သူများအတွက် များစွာအဆင်ပြေကြောင်း သိရသည်။
“အခုလောလောဆယ် ဒလ - ရန်ကုန်ကို YBS ပြေးဆွဲပေးလို့ ရန်ကုန်သွားရ၊ ပြန်ရတာ အဆင်ပြေတယ်။ အဆင်ပြေမယ်ဆိုရင် စံပြဓနုတ်ကျေးရွာကနေ ရန်ကုန်ကိုလည်း ပြေးဆွဲပေးစေချင်ပါတယ်။ အဲဒါဆိုရင် သမိုင်းဝင် ကျိုက်ဓနုတ်ဘုရားကို လာဖူးကြမယ့် ရန်ကုန်က ဘုရားဖူးတွေလည်း အဆင်ပြေသလို ဓနုတ်ကျေးရွာနဲ့ အနီးအနားက ရွာသူ ရွာသားတွေလည်း ရန်ကုန်ကို သွားရလာရတာ အဆင်ပြေမယ်” ဟု ဓနုတ်စံပြကျေးရွာနေ ဦးလှမောင်က ပြောသည်။
မောင်ယဉ်ဦး(ဒလ)


