ရန်ကုန် နိုဝင်ဘာ ၁
မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု သိသာစွာ ကျဆင်းလာသည့်အတွက် နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အခြေခံပညာကျောင်းများအား ယနေ့နံနက်က ပြန်လည်ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ လာရောက်၍ ပညာသင်ကြားလျက်ရှိသည်။
ဒလမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ခဲ့ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းအဝင်ပေါက်နှင့် စာသင်ခန်းရှေ့တို့၌ လက်ဆေးဘေစင်များ ထားရှိပြီး ကျောင်းသို့ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျ လက်ဆေးခြင်းနှင့် ကိုယ်အပူချိန်တိုင်တာခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး စာသင်ခန်းအတွင်း၌ တစ်ဦးနှင့်တစ်ဦး ၆ ပေခြားစီဖြင့် သတ်မှတ်နေရာအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီပညာသင်ကြားပေးလျက်ရှိသည်။
ဒလမြို့နယ်၌ အခြေခံပညာကျောင်း ၇၆ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃ ကျောင်း အပါအဝင် ကိုယ်ပိုင်အထက်တန်းကျောင်း ၂ ကျောင်း၊ စုစုပေါင်း ၈၁ ကျောင်းရှိပြီး အဆိုပါ ကျောင်းများအားလုံးအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တစ်ပြိုင်နက်ဖွင့်လှစ်၍ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းသား၊ ကျောင်းသူများအား စတင်ပညာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူ စာရင်းမှာ စုစုပေါင်း ၄၉၈၂ ဦးရှိပြီး ကျောင်းသား ၄၆၇ ဦး၊ ကျောင်းသူ ၅၃၅ ဦး၊ စုစုပေါင်း ၁၀၀၂ ဦးအား ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(IPRD)


