ရန်ကုန် ၉ ဇွန်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး ဒလမြို့နယ်ရုံးတွင် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလမြို့နယ် အပါအဝင် တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် နှင့် ကိုကိုးကျွန်းမြို့နယ် တို့ရှိ မြို့နယ်ပေါင်း(၆)ခုမှ ပြည်သူများအနေဖြင့် အလုပ်သမားမှတ်ပုံတင်(လေဘာကတ်)ပြုလုပ် လျှောက်ထားနိုင်ကြောင်း သိရသည်။
“ အလုပ်သမားမှတ်ပုံတင်(လေဘာကတ်)လုပ်ရင် လူကိုယ်တိုင်လာရောက်ရမယ်၊ အသက်(၁၈)နှစ် ပြည့်ပြီးသူ၊ မှတ်ပုံတင်မူရင်းနဲ့ မိတ္တူယူလာရပါမယ်၊ မှတ်ပုံတင်ပြုလုပ်ဆဲဖြစ်ရင်လည်း အိမ်ထောင်စုစာရင်း မူရင်းနဲ့မိတ္တူ ယူလာရမယ်၊ ၁၀ တန်းအောင်၊ ဘွဲ့ရဖြစ်ရင်လည်း အောင်လက်မှတ်မူရင်းနဲ့ မိတ္တူယူလာရမှာဖြစ်ပါတယ်၊ အရင်က ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ညောင်ပင်လေးဈေး အပေါ်ထပ်မှာ အလုပ်သမားမှတ်ပုံတင်(လေဘာ)ကတ်တွေ လုပ်ပေးတယ်၊ တစ်ချို့ မြို့တွေက အလှမ်းဝေတော့ လာလုပ်ရတာ အဆင်မပြေဘူး၊ ခု ဒလမြို့နယ်မှာ ရုံးသစ်ဖွင့်လိုက်တော့ နီးလည်းနီးသွားတယ်၊ ဒလမြို့နယ်ရုံးမှာက တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တိုနဲ့ ကိုကိုးကျွန်းမြို့နယ် အပါအဝင် (၆)မြို့နယ် ပြုလုပ်နိုင်ပါတယ်၊ ခုချိန်မှာ အလုပ်သမားမှတ်ပုံတင် လာရောက်လျှောက်တဲ့သူက နည်းပါးသေးတယ်၊ တစ်ချို့ကျ မသိသေးတာလည်းရှိတယ်” ဟု မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဦးတင်မောင်ထူးက ပြောကြားခဲ့သည်။
အလုပ်သမားညွှန်ကြားမှုဦးစီးဌာန အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးအနေဖြင့် အလုပ်ရှင်များ သိရှိအသုံးပြု၍ လိုအပ်သော အလုပ်သမားများ ရှာဖွေနိုင်ရေးအတွက် အလုပ်ရှင်များအား အသိပညာပေးခြင်း၊ အလုပ်ရရှိပြီးသူများအား အလုပ်ခန့်ကတ်ပြာ ပုံစံ ၇ ထုတ်ပေးခြင်း၊ အလုပ်ရှင် အလုပ်သမားအလုပ် သဘောတူစာချုပ်ချုပ်ဆိုပေးခြင်း၊ အလုပ်သမားမှတ်ပုံတင်သူများ အလုပ်အကိုင်ရရှိစေရေးအတွက် အလုပ်ရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ အလုပ်ရှင်နှင့်အလုပ်သမား ကိစ္စရပ်များနှင့် အငြင်းပွားမှုများကို မြို့နယ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဖြင့် ဖြေရှင်းပေးခြင်း၊ အလုပ်သမားများအနေဖြင့် အဓမ္မခိုင်းစေမှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်ခြင်း၊ ပြည်တွင်း နှင့် ပြည်ပသို့ တရားဝင်အလုပ်သွား ရောက်လုပ်ကိုင်လိုသူများကို အလုပ်အကိုင် ရှာဖွေရရှိစေရေး အတွက် ဆောင်ရွက်ပေးကြောင်း ၎င်းက ဆက်လက်၍ ပြောပြသည်။
အဆိုပါ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး ဒလမြို့နယ်ရုံးမှာ ညောင်ကုန်းရပ်ကွက် ရွှေလီလမ်းနှင့် မြစ်ငယ်လမ်းထောင့်တွင် တည်ရှိပြီး အလုပ်သမားမှတ်ပုံတင်(လေဘာ) တို့ကို မြို့နယ်(၆)မြို့နယ်ရှိ ပြည်သူများကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပြီး အစိုးရရုံးဖွင့်ရက် နေ့စဉ် နံနက် ၉ နာရီခွဲ မှ ညနေ ၄ နာရီခွဲ အချိန်ထိ ဖွင့်လှစ် ပေးကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)


