ရန်ကုန်  ၂၃  ဧပြီ 

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် Face Mask(၅၀)ခုပါ (၂၀)ဘူး၊ Hand Gel 600 ml (၅) ဘူး၊   Face Shield  ၁၀ ခု နှင့် ဒလမြို့နယ် ပြည်သူ့ဆေးရုံအတွက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကို ယနေ့ ညနေ ၅ နာရီက မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်းမှ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ လှူဒါန်းရာတွင် မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးနှင့် မြို့နယ်အထောက်အကူပြုကော်မတီ နာယကများ ဖြစ်ကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂)ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်တို့က   ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် ကော်မတီသို့ပေးအပ်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးနှင့် အတွင်းရေးမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်းတို့က လက်ခံရယူခဲ့သည်။

 

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဒလမြို့အဝင်  ဒလ-တွံတေး ကားလမ်းမကြီးဘေးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသော စုပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျဝန်ထမ်းများနှင့် ဂိတ်အတွင်းမှ မြို့နယ်အတွင်းသို့ ဖြတ်သန်းသွားလာကြမည့် ယာဉ်မောင်းနှင်သူများနှင့် မိဘပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ပေးဝေနိုင်ရေးအတွက် Face Mask(၅၀)ခုပါ (၉)ဘူးကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)