ရန်ကုန် ၁၀ မတ်
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ဒေသခံပြည်သူများ နှစ်စဉ်နွေရာသီကာလအတွင်း ရေရှားပါးမှုမှ ကင်းဝေးစေရေးနှင့် သောက်သုံးရေရရှိစေရေးအတွက် ရည်ရွယ်၍ ဆွီဒင်နိုင်ငံ Swedish International Development Agency (SIDA) ၏ ထောက်ပံ့လှူဒါန်းငွေဖြင့် UN-Habitat နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် ရေသန့်စက်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဒလမြို့နယ် မှော်စက်ရပ်ကွက် ပုလဲလမ်းရှိ အဆိုပါ ရေသန့်စက်ရုံသစ်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရေသန့်စက်ရုံသစ်ဖွင့်ပွဲတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ အတွင်းရေးမှူး ဒေါ်လှိုင်ဦးမော်၊ ဆွီဒင်နိုင်ငံ (SIDA)မှ Head of Development Cooperation ဖြစ်သူ Mr. Anders Frankenberg၊ UN-Habitat ၏ Country Program Manager ဖြစ်သူ Mr. Bijay Karmacharya နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ရေသန့်စက် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်ဦးမော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး SIDA မှ (Head of Development Cooperation) Mr. Anders Frankenberg၊ UN-Habitat မှ (Country Program Manager) Mr. Bijay Karmacharya တို့က ရေသန့်စက် တည်ဆောက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ရေသန့်စက်ရုံ ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ ရေသန့်စက်ရုံမှ ထွက်ရှိသော သောက်သုံးရေသန့်များကို မှော်စက်ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား ၂၀ လီတာ ရေသန့် (၁) ဘူးလျှင် ၂၀ဝ ကျပ်နှုန်း၊ အိမ်တိုင်ရာရောက် ပို့ဆောင်ခိုင်းပါက (၃၀ဝ) ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ရေသန့်ဖြန့်ဖြူး ရောင်းချခြင်းမှ ရရှိသော ရောင်းရငွေများကို ရေသန့်စက်ရုံ လည်ပတ်စေရန်နှင့် ရေရှည်တည်တံ့စေရေးတို့အတွက် လိုအပ်သည့် ထိန်းသိမ်းဆောင်ရွက်မှုများတွင် သုံးစွဲသွားမည်ဖြစ်ရာ ရပ်ကွက်နေပြည်သူများ ရေရှည်သောက်သုံးရေ ရရှိရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
UN-Habitat ကမ္ဘာ့ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအဖွဲ့မှ ဒလမြို့နယ်အတွင်းရှိ နှစ်စဉ်နွေရာသီ၌ ရေရှားပါးမှု ကြုံတွေ့နေရသည့် မှော်စက်ရပ်ကွက်အား ရွေးချယ်ခဲ့ပြီး ဆွီဒင်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ SIDA ၏ လှူဒါန်းငွေဖြင့် ဒေသခံများ သောက်သုံးရေ ရရှိစေရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစက်ရုံမှ တစ်နာရီလျှင် ၁ လီတာဘူး ၁၆၀ဝ (သို့မဟုတ်) ၂၀ လီတာဘူး ၈၀ ခန့် ထွက်ရှိပြီး စက်ရုံတန်ဖိုးမှာ စုစုပေါင်းငွေကျပ် (၇၅၅) သိန်းခန့် ကုန်ကျခဲ့ကြောင်း သိရသည်။
အဆိုပါ ရေသန့်စက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများသည် ဒလမြို့နယ်အတွင်း ဒလ-တွံတေး ကားလမ်းမကြီး ဝဲ/ယာတစ်လျှောက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်လျက်ရှိသည့် ရေထုတ်ရေမြောင်းများ အဆင့်မြှင့်တင် တူးဖော်ဆောင်ရွက်သည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)