ရန်ကုန် ၁၅ ဧပြီ
    

 

မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ လမ်းလျှောက်သူများ၊ စက်ဘီး၊ သုံးဘီးဆိုင်ကယ်များ၊ မော်တော်ကားများ စီးနင်း၍ လည်ပတ်ရေပက်ခံထွက်ကြသော ကလေး၊ လူငယ်၊ လူကြီးများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည်များလည်း အနှေးယာဉ်ဆိုက်ကားများစီးနင်း၍ လည်ပတ်လေ့လာလျက်ရှိကြောင်း မြင်တွေ့ရသည်။  


    

ေေ

 

သင်္ကြန်အကြတ်နေ့ နံနက် ၉ နာရီက စတင်ပြီး ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် မှန်လုံကားဝင်းအတွင်းရှိ ဗဟိုမဏ္ဍပ်တွင် မြန်မာ့ရိုးရာအကများ၊ တစ်ပင်တိုင်းအကများ၊ ခေတ်ပေါ် သံစုံတီးဝိုင်းများ တီးခတ်၍ တေးသံရှင် ညီအစ်ကိုမောင်နှမများ၏ ဧည့်ခံဖျော်ဖြေရေးအစီအစဉ်များ ဧည့်ခံခဲ့ရာ ဒေသခံပြည်သူများ ပျော်ရွှင်စွာ ရေပက်ခံကစားခဲ့ကြရာ အထူးစည်းကားခဲ့ကြောင်း မြင်တွေ့ရသည်။


    

ေေ

 

ထို့အတူ နိုင်ငံခြားသား ခရီးသွားဧည့်သည်များလည်း ရန်ကုန်(ပန်းဆိုးတန်း) ဆိပ်ကမ်းမှတစ်ဆင့် ဒလဆိပ်ကမ်းဘက်သို့ ဂျပန်နိုင်ငံမှ လှူဒါန်းထားသည့် ချယ်ရီသင်္ဘောများဖြင့် လိုက်ပါပြီး ဒလမြို့အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ဆုတောင်းပြည့် ရွှေစာရံစေတီတော်မြတ်ကြီးနှင့် ရဟန္တာဦးပညာစံကျောင်း၊ အထင်ကရနေရာများ၊ စွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်သည့် Recycle လုပ်ငန်း၊ ဈေးများ၊ ရပ်ကွက်များအတွင်းသို့ အနှေးယာဉ်ဆိုက်ကားများဖြင့် လည်းကောင်း၊ လမ်းလျှောက်၍ လည်းကောင်း အသီးသီးလည်ပတ်လေ့လာခဲ့ကြသည်။

 

ိ

 

သင်္ကြန်ပွဲတော်ကာလအတွင်း နိုင်ငံခြားသားခရီးသွားဧည့်သည်များနှင့် ဒေသခံပြည်သူများ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ဖြင့် လည်ပတ်ရေကစားနိုင်စေရန် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက မြို့တွင်း လုံခြုံရေးလုပ်ငန်းများ၊ ခိုး၊ ဆိုး၊ လုယက်မှုများ မဖြစ်ပွားစေရေး CCTV ကင်မရာများဖြင့် တပ်ဆင်စောင့်ကြည့်ခြင်းနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အဓိကလမ်းမကြီးများတွင် ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်တိုက်မှု မဖြစ်ပွားစေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 


သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)