ဒလ ၈ သြဂုတ်
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဒလ-တွံတေး ကားလမ်းမကြီးဘေး ဘုရင့်နောင်ရပ်ကွက်တွင်၂၄ နာရီ ဖွင့်လှစ်ရောင်းချသည့် မိုးပျံအဆင့်မြင့် လက်ဘက်ရည်နှင့် စားဖွယ်စုံဆိုင်တွင် လာရောက်စားသုံးသူများ မေ့ကျန်ခဲ့သည့်ပစ္စည်းများအား ပြန်လည်လာရောက် ယူဆောင်နိုင်ရန် ရည်ရွယ်ကာ မေ့ကျန်ပစ္စည်းထိန်းသိမ်း ထားရှိသည့် နေရာ(search box) ထားရှိပေးထားကြောင်း သိရသည်။
မိုးပျံအဆင့်မြင့်လက်ဘက်ရည်နှင့် စားဖွယ်စုံဆိုင်သည် ဒလမြို့နယ်တွင် ပထမဦးဆုံး food box ထားရှိသည့် ဆိုင်လည်းဖြစ်ပြီး ယခု search box အား မိမိဆိုင်သို့ လာရောက်အားပေးသုံးဆောင်သူများ၏ မေ့ကျန်ပစ္စည်းများ ထိန်းသိမ်းပေးသည့် စနစ်ကို စတင်ခဲ့ခြင်းလည်း ဖြစ်သည်။
စားသုံးသူများမေ့ကျန်ခဲ့သည့် ပစ္စည်းများအား search box တွင် ထားရှိပေးထားပြီး မေ့ကျန်သူမှ အချိန်မရွေး မိမိပစ္စည်းအား လာရောက်ယူနိုင်ကြောင်း မေ့ကျန်ခဲ့တတ်သည့် ပစ္စည်းအများစုမှာ စာအုပ်များ၊ ထီးများ၊ ဆိုင်ကယ်စီးဦးထုပ်များနှင့် ပိုက်ဆံအိတ်တို့ဖြစ်ကြောင်း သိရသည်။
"ပိုက်ဆံအိတ်တို့၊ ဖုန်းတို့အရေးကြီး စာရွက်တွေဆိုရင် အများရှေ့မှာ ဖွင့်ဖောက်စစ်ဆေးပြီး ကောင်တာမှာ သိမ်းထားပေးတယ်၊ လုံးဝမပျောက်စေရဘူး။ တစ်ချို့ဆို ပိုက်ဆံအိတ်ထဲမှာ ဘဏ်ကတ်/ယာဉ်မောင်းလိုင်စင်/မှတ်ပုံတင်တွေပါ ကျန်ခဲ့တာ၊ စနစ်တကျနဲ့ သိမ်းထားပေးတယ်။
နောက်ကျွန်တော့် အကောင့်နဲ့ လူမူကွန်ရက်ပေါ်တင်ပြီး သိအောင်ပို့စ်တင်ပေးတယ်" ဟု မိုးပျံအဆင့်မြင့် လက်ဘက်ရည်နှင့် စားဖွယ်စုံ ဆိုင်ပိုင်ရှင်က ပြောသည်။
ဒလမြို့နယ်ရှိ စားသောက်ဆိုင်ကြီးများ လက်ဘက်ရည်ဆိုင်များတွင် စားသုံးသူများ မေ့ကျန်ခဲ့သည့် ပစ္စည်းများအား ထိန်းသိမ်းထားရှိပြီး ပြန်လည်လာရောက် ယူဆောင်နိုင်ရန်အတွက် ဤကဲ့သို့သော search box စနစ်မျိုး ထားရှိပေးထားခြင်း ဖြစ်သည်။
လာရောက်စားသုံးသူများအတွက် ပစ္စည်းများ မေ့ကျန်ခဲ့သော်လည်းပြန်လည်ရရှိစေနိုင်မည်ဖြစ်ပြီး အဆိုပါဆိုင်အတွက်လည်း စားသုံးသူတိုးပွားလာစေနိုင်မည်ဖြစ်ကြောင်း ပစ္စည်းမေ့ကျန်သူ တစ်ဦးက ပြောသည်။
မောင်ယဉ်ဦး(ဒလ)


