ရန်ကုန်၊ ၂၆ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ တီဘီရောဂါရှိ မရှိ ရှာဖွေစစ်ဆေးနိုင်မည့် ကုသရေးစင်တာကို ဒီဇင်ဘာ ၂၂ ရက်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဖွင့်လှစ်နိုင်ခဲ့ရာ ဒလမြို့နယ်အပါအဝင် တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်း မြို့နယ်တို့ရှိ ပြည်သူများအား တီဘီရောဂါရှိ မရှိ စစ်ဆေးကုသပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တီဘီရောဂါကုသရေးစင်တာရှိ ရောဂါရှာဖွေစစ်ဆေးပေးနိုင်သည့် Gene X-Pert စက်မှာ ဒေါ်လာ ၁၇၀၀၀ တန်ဖိုးရှိပြီး တစ်နေ့လျှင် လူနာ ၂၀ ဦးအထိ ရောဂါရှိ မရှိ စစ်ဆေးပေးနိုင်မည်ဖြစ်ကာ ၂ နာရီအတွင်း အဖြေသိရှိနိုင်မည် ဖြစ်သည်။
အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းဗဟို(ရန်ကုန်ရုံးခွဲ ) တီဘီအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဇော်မြင့် က “Gene X-Pert စက်တပ်ဆင်ခြင်းနဲ့ ပတ်သက်ပြီး အသိပေးဆွေးနွေးခဲ့ပါတယ်၊ ဒီဘက်မှာ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်မှာရှိတဲ့ ဆေးယဉ်ပါးတီဘီလူနာတွေကို စစ်ဆေးတဲ့အခါ အရင်တုန်းက အင်းစိန်ကို သွားပြီးစစ်ဆေးရတာ ဖြစ်ပါတယ်၊ Gene X-Pert စက်ရှိလာတဲ့အခါ ဒီမှာပဲ ဆေးယဉ်ပါးတီဘီ ရှိ မရှိ တစ်ခါတည်း စစ်ဆေးနိုင်တယ်၊ ဆေးယဉ်ပါးတီဘီကုသတဲ့ စင်တာပါ၊ တစ်နေ့ကို အနိမ့်ဆုံး လူနာ ၁၅ ဦး ကနေ ၂၀ ဦး အထိ စစ်ဆေးပေးနိုင်မယ်၊ Gene X-Pert စက်ကို အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းဗဟိုနဲ့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်များနဲ့အညီ တပ်ဆင်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးသည် တီဘီရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ပြီး လူဦးရေထူထပ်များပြားသော လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာ၊ တောင်ဒဂုံမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့၌ တီဘီရောဂါဖြစ်ပွားမှု အများဆုံး တွေ့ရှိရသည်။ တီဘီရောဂါဖြစ်ပွားမှု စစ်တမ်းတွေ့ရှိချက်အရ တစ်နှစ်အတွင်း ဒလမြို့နယ်၌ လူဦးရေ ၁ သိန်းတွင် ၃၀၀ ကျော်ခန့် တီဘီရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)


