ရန်ကုန် ၁  အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ရခိုင်ချောင်(တောင်) ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံတွင် ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသခံပြည်သူများအား OSS နယ်လှည့် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းမှုဖြင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ ဒေသခံများ တွေ့ကြုံနေသည့် အခက်အခဲများကို ပွင့်လင်းမြင်သာစွာဖြင့် တင်ပြပြီး ဌာနအသီးသီးရှိ လုပ်ငန်းတာဝန်များအလိုက် ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းစသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းတာဝန်များ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူများက ကျေးလက်လမ်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး၊ လယ်ယာမြေများအတွက် ရေလုံလောက်စွာရရှိရေး၊ ပညာရေး၊ ကျေးလက်ကျန်းမာရေးနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဏ အလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ပျော်ဘွယ်ကြီးနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်အေးကျော်က သက်ငယ်မုဒိမ်း ပပျောက်စေရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံပြည်သူများကို အသိပညာပေးပြောကြားခဲ့သည်။

 

ယင်းနောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး  မြို့နယ်ဦးစီးမှူး ဦးစောကနဲဖိုး နှင့် ဝန်ထမ်းများက ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ၏ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်း တို့ကို ပြုလုပ်ပေးခဲ့ပြီး ရခိုင်ချောင်(တောင်)တိုက်နယ် ဆေးရုံ ဒေါက်တာ ခိုင်ဇင်မင်းနှင့် ကျန်းမာရေးဦးစီးဌာန မှ  ဆရာမ များက ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် လိုအပ်သည့် ဆေးကုသမှု လုပ်ငန်းများ ကို အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

နိုင်လင်းကျော်(ဒလ)