ရန်ကုန် ၁၂ မေ

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌  နွေရာသီကာလအတွင်း ရပ်ကွက်နှင့် ကျေးရွာများတွင် သောက်သုံးရေကန်များ ခန်းခြောက်ခြင်းကြောင့် ရေရှားပါးမှုများ ကြုံတွေ့လျက်ရှိသော ဒေသခံပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက်  မြို့နယ်ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ရေပေးဝေရေးစခန်းရှိ သောက်သုံးရေများကို SAVE လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်ဖြင့် နေ့စဉ်ဖြန့်ဝေပေးလျက်ရှိရာ ယနေ့ညနေ နာရီက ရေအခက်အခဲဖြစ်ပေါ်နေသော တပင်ရွှေထီးရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား သောက်သုံးရေ ဂါလန်(၁၂၀၀)ကို ဗိုလ်တေဇ()လမ်းရှိ အုတ်ရေလှောင်ကန်အတွင်းသို့ ရေဖြည့်ခြင်းနှင့် ရာဇသင်္ကြန်ရပ်ကွက် ကျော်ထင်နော်ရထာလမ်းရှိ ရပ်ကွက်နေ ပြည်သူများထံ နေအိမ်ရှေ့အရောက် သောက်သုံးရေဂါလန် (၁၂၀၀)တို့ကို ပေးဝေခဲ့ကြောင်း သိရှိရသည်။

 

ဒလမြို့နယ် SAVE လူမှုကူညီရေးအသင်းအနေဖြင့် နွေရာသီကာလအတွင်း ရေရှားပါးမှုဖြစ်ပေါ်လျက်ရှိသော  ရပ်ကွက်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများကတစ်ဆင့် ဆက်သွယ်အကူအညီတောင်းခံမှုဖြင့် သောက်သုံးရေများကို ပေးဝေခဲ့ရာ သောက်သုံးရေဂါလန် စုစုပေါင်း (၁၀၀၀၀)ကျော်ကို ဖြန့်ဝေပေးနိုင်ခဲ့ပြီး၊ လတ်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို မြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း၌ ရေအခက်အခဲဖြစ်ပေါ်က ဖုန်းနံပါတ်  ၀၉၅၁၇၁၀၄၃၊ ၀၉၄၄၃၀၉၀၅၇၅ နှင့် ၀၉၂၆၂၁၅၄၉၁၃ သို့ ဆက်သွယ်၍ အကူအညီများ တောင်းခံနိုင်ကြောင်း SAVE လူမှုကူညီရေးအသင်းဝင် ဦးကျော်မြင့်ဦးက ပြောကြားခဲ့သည်။              

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)