ရန်ကုန်၊ ၂၀ ဇန်နဝါရီ
မြန်မာနိုင်ငံရှိ အလျင်အမြန်တိုးတက်နေသော မြို့ကြီးများတွင် သဘာဝဘေးအန္တရာယ် ကျရောက်မှုအား ဘက်ပေါင်းစုံ စီမံခန့်ခွဲရေး သုတေသနစီမံကိန်း၏ ဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ် စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ လူအများစည်းကားရာ နေရာများဖြစ်သော ဒလသင်္ဘောဆိပ်ကမ်း၊ နာရီစင်၊ ကမာကဆစ်ဈေး၊ ဒလမြို့မဈေး တို့တွင် ခရီးသွားပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်ကြသော ပြည်သူများအား ပါးစပ်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရေးအတွက် Stop Covid-19 အဝါရောင်ကမ်ပိန်း လူထုလှုပ်ရှားမှုကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်(၆) ဒေါ်သန်းမြင့်အောင်၊ ကော်မတီဝင် (၁၁) ဦးမင်းဟန်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာန ဒုတိယဌာနမှူး ဦးသန့်ဇင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး အောင်နိုင်ဝင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာ ထွန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည်နှင့် ဝန်ထမ်းများ၊ ပူးပေါင်းပါဝင်၍ မိဘပြည်သူများအား Stop Covid-19 အဝါရောင်ကမ်ပိန်းပြုလုပ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပညာပေးသရုပ်ဖော်ခြင်း၊ ပါးစပ်နှာခေါင်းစည်းများနှင့် အသိပညာပေ ပိုစတာတို့ကို အခမဲ့ပေးဝေခြင်းကို ပြုလုပ်ခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများသည် ဒလမြို့လယ်ကောင် နာရီစင်၌ လမ်းသွားလမ်းလာပြည်သူများ၊ ကမာကဆစ်ဈေးနှင့် ဒလမြို့မဈေးတို့၌ ဈေးရောင်း၊ ဈေးဝယ်ကြသော ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာ နိုင်စေရေးအတွက် အသိပညာပေး ပြောကြားခြင်းနှင့် နှာခေါင်းစည်းများ ပေးဝေခဲ့ကြသည်။
သတင်း-နိုင်လင်းကျော်(ဒလ)
ဓာတ်ပုံ-သက်ကိုကိုမောင်


