ဒလ ၈ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ် ဗညားဒလရပ်ကွက် ဒလ-တွံတေး ကားလမ်းမကြီးဘေးရှိ အမှတ်တရ ဗိုလ်ချုပ်ပန်းခြံအား အဆင့်မြှင့်တင်ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၅ ရက်က ဒလမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌရုံးခန်း၌ စျေးသည်များနှင့် တွေ့ဆုံစဉ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည်မှ ပြောကြားခဲ့သည်။
ဒလမြို့နယ်ရှိ အမှတ်တရဗိုလ်ချုပ်ပန်းခြံဘေးတွင် စျေးဆိုင်ဖွင့်ရောင်းချနေမှုများကြောင့် ပန်းခြံ၏အလှအား ကွယ်ပျောက်စေသည့်အပြင် မြို့နယ်၏ပုံရိပ်ကိုလည်း ကျဆင်းစေလျက်ရှိသဖြင့် အဆိုပါပန်းခြံဘေးမှ စျေးဆိုင်ခန်း ၁၃ ဆိုင်အား ယခုလ ၁၅ ရက်တွင် အပြီးရွှေ့ပြောင်းဖယ်ရှားပေးရန် ညွန်ကြားထားကြောင်း သိရသည်။
စျေးရောင်းသူပြည်သူများအား ဖယ်ရှားပေးရန်ပြောကြားရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ သို့သော်လည်း အများပြည်သူအတွက် ဆောင်ရွက်ပေးရန်ရှိသည့်အတွက် နားလည်ပေးရန်နှင့် အများပြည်သူများအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌက ပြောသည်။ ကျွန်မတို့မြို့နယ်က ပန်းခြံကို အခြားသောမြို့နယ်တွေက ပန်းခြံတွေလို အများပြည်သူ စိတ်ရွှင်လန်းပြီး အနားယူ အပန်းဖြေဖို့ကောင်းတဲ့ ပန်းခြံလိုမျိုး ဖြစ်အောင်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်ကြီးများကလည်း အများပြည်သူ အပန်းဖြေအနားယူသည့် အမှတ်တရ ဗိုလ်ချုပ်ပန်ခြံအား ယခုထက် ပိုမိုအဆင့်မြှင့်တင်မူများ ဆောင်ရွက်ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်း၍ ကလေးငယ်များအတွက် ကစားစရာပစ္စည်းများ ထည့်သွင်းပြုလုပ် ထားရှိပေးထားသည့်အတွက် လာရောက်အပန်းဖြေ အနားယူကြသူများဖြင့် နေ့စဉ်စည်ကားလျက် ရှိနေသည်ကို တွေ့မြင်နေရသည်။
လက်ရှိပန်းခြံတွင် ဝင်ပေါက်နှစ်ပေါက်သာရှိပြီး အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်သူများ အလွယ်တကူ ဝင်ထွက်နိုင်ကြစေရန် မျက်နှာစာလေးဖက်တွင် ဝင်/ထွက်ပေါက် ၄ ပေါက်ထားရှိပေးမည်ဖြစ်ကာ ပန်းအလှပင်များ ထပ်မံဖြည့်သွင်းစိုက်ပျိုးခြင်း၊ ပန်းခြံ၏အပြင်ဘက်တွင် ကွန်ကရစ်ရေနုတ်မြောင်းများ ဆောင်ရွက်ခြင်း၊ မြေပြင်ပြုခြင်းနှင့် ပြည်သူများအနားယူ အပန်းဖြေနိုင်စေရန် ထိုင်ခုံများ ထားရှိပေးထားခြင်းတို့အား ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
မောင်ယဉ်ဦး