ရန်ကုန်   ၁၂  အောက်တိုဘာ

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောကာလအတွင်း  ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ စားသောက်ရေး အမှန်တကယ် အခက်အခဲရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၃၀၀ အား အခြေခံစားသောက်ကုန်များကို ယနေ့ နံနက် ၉ နာရီခွဲက လိုက်လံထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ရန်ကုန်မြို့ရှိ ပတ္တမြားဘုန်းတောက် ကျောက်မျက်ကုန်သည်ပွဲစားများအဖွဲ့မှ လှူဒါန်းမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ဦးကျော်လင်း၊ We Love Yangon-Dala လူထုအခြေပြု ပရဟိတအဖွဲ့တို့မှ ဒလမြို့နယ် မှော်စက်ရပ်ကွက်ရှိ  အိမ်ထောင်စု ၁၀၀၊ ဆာပါချောင်ရပ်ကွက်ရှိ အိမ်ထောင်စု ၃၀၊ သမ္မတကမ်းခြေရပ်ကွက်ရှိ အိမ်ထောင်စု ၄၀၊  ညောင်ကုန်းရပ်ကွက်ရှိ အိမ်ထောင်စု ၃၀၊ အံ့ကြီးအနောက်ရပ်ကွက်ရှိ အိမ်ထောင်စု ၃၀၊ ပျော်ဘွယ်ကြီးကျေးရွာရှိ အိမ်ထောင်စု ၃၀၊ အောက်မင်္ဂလာရပ်ကွက်ရှိ အိမ်ထောင်စု ၂၀ ၊ မြို့မ ၄ ရပ်ကွက်ရှိ အိမ်ထောင်စု ၂၀ စုစုပေါင်း အခြေခံ လူတန်းစား အိမ်ထောင်စု ၃၀၀ အား တစ်အိမ်ထောင်စုလျှင် ဆန် ၄ ပြည်၊ ဆီ ၅၀ သား၊ ကုလားပဲ တစ်ပိဿာ စသည့် ငွေကျပ် ၂၅ သိန်းတန်ဖိုးရှိသော အခြေခံစားသောက်ကုန်များကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကာလအတွင်း အမှန်တကယ် စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများရှိရာ စေတနာရှင် အလှူရှင်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင် ဖုန်းနံပါတ် ၀၉၄၂၀၂၀၉၄၆၆ နှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ဦးကျော်လင်း ဖုန်းနံပါတ်  ၀၉၇၉၇၆၆၆၃၉၉ တိုသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)