ရန်ကုန်၊ ၁၅ ဇွန်
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် အနှေးယာဉ်(ဆိုက်ကား)လိုင်စင်များ သက်တမ်းတိုးပေးခြင်းလုပ်ငန်းများကို ဇွန်လ ၁၅ ရက် နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
“ဒလမြို့နယ်မှာ အနှေးယာဉ် လိုင်စင် သက်တမ်းတိုးပေးခြင်း လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ် အတွက် သက်တမ်းတိုးခြင်းလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်၊ ဒီကြားထဲမှာ ကျွန်တော်တို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ အခြေအနေများအရ ယခုလ ၆ လပိုင်းမှာ ဆောင်ရွက် ပေးနိုင်ခြင်းဖြစ်ပါတယ်၊ အနှေးယာဉ် လိုင်စင်ဝင်ရောက်ခြင်းလုပ်ငန်းနဲ့ပတ်သက်လို့ မြန်မြန်ဆန်ဆန် ပြီးစီးစေရေးနဲ့ အခက်အခဲမရှိစေဖို့ အနီးကပ်ကြပ်မတ်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်” ဟု မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်အောင်က ပြောကြားခဲ့သည်။
ဒလမြို့နယ်၌ အနှေးယာဉ်ဆိုက်ကား အစီးရေပေါင်း ၉၀၈ စီးကြောင်း၊ လက်ရှိအချိန်တွင် သက်တမ်းတိုး လိုင်စင်ကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သို့ အခွန်ပေးဆောင်ရသော အနှေးယာဉ်များဖြစ်ပြီး၊ အနှေးယာဉ် (ဆိုက်ကား)များ မှတ်ပုံတင် လိုင်စင် သက်တမ်းတိုးပေးခြင်းကို ဇွန်လ ၁၅ ရက်နေ့မှ စတင်ပြီး ဇွန်လ ၁၉ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
နိုင်လင်းကျော်(IPRD)


