ရန်ကုန်  ၃   အောက်တိုဘာ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်အမည် စာရင်းများကို အောက်တိုဘာ ၁ ရက်မှစတင်ပြီး အောက်တိုဘာ  ၁၄ ရက်အထိ ဒုတိယအကြိမ် ကပ်ထားကြော်ငြာပြီးဖြစ်ရာ မဲစာရင်းလာရောက် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

 

ဒလမြို့နယ်၌ ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာရှိပြီး အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  စုစုပေါင်း  ၁၂၇၉၄၈ ဦး၊ ကရင်မဲဆန္ဒရှင် ဦးရေ  ၁၈၁၆ ဦးနှင့် ရခိုင်မဲဆန္ဒရှင် ဦးရေ ၄၁၇ ဦး၊ မသန်စွမ်းမဲဆန္ဒရှင် ဦးရေ ၂၀၀ ကျော်၊  မဲရုံပေါင်း ၁၈၂ ရုံ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရာတွင်လည်း မိမိအမည် ပါ/မပါ လာရောက် ကြည့်ရှုကြဖို့လိုအပ်ကြောင်း၊ လာရောက်ကြည့်ရှုရန် အခက်အခဲရှိပါက တစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်များ စာရင်းကြည့်ရှုရန် https:// findyourpollingstation.uec.gov.mm၊   Android Phone အသုံးပြုများအတွက်  Mobile App ကို http://bit.ly/30nUrRV တွင် Download ရယူအသုံးပြုနိုင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်များ အနေဖြင့် မိမိတို့၏ အမည်များကို http://bit.ly/yangon-voters တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  ဥက္ကဋ္ဌ ဦးမျိုးသိန်းထံမှ သိရသည်။

 

ထို့အတူ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်ရန် အထူးရဲတပ်ဖွဲ့ဝင် ၁၈၂ ဦးခန့်အပ်ပြီး အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်မှစ၍ တစ်လတိတိ ရွေးကောက်ပွဲ ဥပဒေ၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဘာသာရပ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)