ရန်ကုန်  ၈  နိုဝင်ဘာ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်း၌ မဲရုံပေါင်း ၁၈၂ ရုံအား ယနေ့နံနက် ၆ နာရီက တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းစွာဖြင့် သက်ဆိုင်ရာ မဲရုံများအလိုက် ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများ လာရောက်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ် စေရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး  မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ မဲပေးနိုင်ရေး၊ မဲရုံလုံခြုံရေးတို့အတွက်  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊   ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ အထူးရဲများဖြင့် သက်ဆိုင်ရာ မဲရုံများအလိုက် စောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိကြောင်း သိရသည်။      

 

ဒလမြို့နယ်အတွင်း၌ မဲရုံပေါင်း ၁၈၂ ရုံဖွင့်လှစ်ခဲ့ပြီး ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၂၇၉၄၈ ဦးရှိပြီး၊  တပ်မတော်သား မဲဆန္ဒရှင် ၁၀၄၆ ဦး၊ ကရင်မဲဆန္ဒရှင် ၁၈၁၆ ဦး၊ ရခိုင်မဲဆန္ဒရှင် ၄၁၇ ဦး၊ မသန်စွမ်း မဲဆန္ဒရှင် ၂၀၀ ကျော်ခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)