ရန်ကုန် ၅ အောက်တိုဘာ 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ မြို့တွင်းရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများနှင့် ဆေးရုံတို့မှ နေ့စဉ် ထွက်ရှိသော စွန့်ပစ်အမှိုက်များကို ပတ်ဝန်းကျင်အနီးအနားရှိ ပြည်သူများ ရောဂါကူးစက်မှု မရှိစေရေးအတွက် စနစ်တကျထုတ်ပိုး၍ တစ်ရက်ခြားတစ်ကြိမ် သိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒလမြို့နယ် တာဝန်ခံ ဦးဇာနည်ထွန်းက “ ကျွန်တော်တို့ Quarantine Centre နဲ့ ဒလဆေးရုံကြီးတို့ကနေ ထွက်ရှိလာတဲ့ အမှိုက်များကို ဆေးရုံ၊ ဆေးခန်းအမှိုက်သိမ်းယာဉ်နဲ့ တစ်ရက်ခြားတစ်ခါ သွားရောက်ပြီး စနစ်တကျသိမ်းဆည်း ပြီးတော့ မီးရှို့ဖျက်ဆီးတယ်၊ တစ်ရက်ခြားကို အမှိုက်တန်ချိန် ၂ တန် လောက်ထွက်တယ်၊  အမှိုက်သိမ်းယာဉ်တစ်စီးနဲ့ စီစဉ်ပေးပါတယ်၊ ဝန်ထမ်းတွေကိုလည်း အန္တရာယ်ကင်းအောင် PPE ဝတ်စုံအပြည့် ဝတ်ဆင်ပြီးတော့ စွန့်ပစ် အမှိုက်တွေကို ကိုင်တွယ်ဆောင်ရွက်ပေးတာ ဖြစ်ပါတယ် ” ဟု ပြောသည်။

 

ဒလမြို့နယ်၌ လက်ရှိအချိန်တွင်  အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာ  ၁၄ ခု ဖွင့်လှစ် ဆောင်ရွက်ထားရှိပြီး အဆိုပါ စင်တာများမှ ထွက်ရှိသော စွန့်ပစ်အမှိုက်များကို တစ်ရက်ခြားတစ်ခါ သိမ်းဆည်းပြီး  ဒလသုဿန်၌ မီးရှို့ဖျက်ဆီး ပေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)